“လူစုလူဝေးနဲ့ ဥပဒေမဲ့ အနိုင်ကျင့်တဲ့ဝါဒ သင်ကိုယ်တိုင်ကော အားပေးသူ ဖြစ်နေသလား။”

“လူစုလူဝေးနဲ့ ဥပဒေမဲ့ အနိုင်ကျင့်တဲ့ဝါဒ သင်ကိုယ်တိုင်ကော အားပေးသူ ဖြစ်နေသလား။”
ကလေးခိုးမှု ကောလဟာလကြောင့် ပုသိမ်ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

အရက်မူးသမားတစ်ယောက်ကို ကလေးသူခိုး ဆိုပြီး လူစုလူဝေးနဲ့ ဝိုင်းရိုက်လိုက် ကြပြန်ပါပြီ။ အခုနောက်ဆုံး ဖြစ်ခဲ့တာကတော့ တန့်ဆည် မြို့နယ် ကျွဲဆွဲရွာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိ သူတစ်ယောက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အခုလို မဟုတ်မမှန်ပါပဲနဲ့ ကလေးသူခိုးဆိုပြီး လူအုပ်ကြီးက ဝိုင်းဝန်းရိုက်နှက်ခဲ့မှု အနည်းဆုံး ၅ မှု ဖြစ်ပွားခဲ့ပြီလို့ ဆိုပါတယ်။

တစ်မှုမှာတော့ ရိုက်နှက်ခံရသူ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီပြသနာတွေ ဘာသဘော ဆောင်ပါသလဲ၊ ဒါ ဖြစ်သင့် ဖြစ်ထိုက်ပါရဲ့လား၊ ဒီလို ဖြစ်ရပ်တွေ နောင် မဖြစ်ပွားရလေအောင် တားဆီးလို့ ရနိုင်ပါဦးမလား၊ လူစုလူဝေးနဲ့ ဥပဒေမဲ့ အနိုင်ကျင့်တဲ့ဝါဒကို သင်ကိုယ်တိုင်ကော အားပေးသူ ဖြစ်နေသလား ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

ဇန်နဝါရီ ၂၇ ရက်နေ့က တန့်ဆည်မှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းဟာလည်း အခြားဖြစ်စဉ်များ အတိုင်းပါပဲ။ ကျွဲဆွဲရာက ကလေးတစ်သိုက် ကျောင်းဆင်းပြီး အိမ်ကို ပြန်လာကြပါတယ်။ လမ်းမှာ အသက် ၃၀ အရွယ် အရက်မူးနေသူတစ်ယောက်က နှစ်တန်း ကျောင်းသူတစ်ယောက်ကို အကျီ ၤဂုတ်ကို ဆွဲကိုင်တယ်လို့ ကျောင်းက အတူ ပြန်လာတဲ့ ကလေးတွေက ပြောကြပါတယ်။ ဒီလိုနဲ့ ရွာသားတွေဟာ အဲဒီလူကို ကလေးသူခိုး ဆိုပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြသနာက ဒီလောက်နဲ့ လွယ်လွယ် ပြီးသွားတာ မဟုတ်ပါဘူး။

ဒီလို အမူးသမားတစ်ယောက်ကို ရွာသားတွေက ဝိုင်းဝန်းရိုက်နှက်နေကြတဲ့ သတင်းရတော့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားရာသွားပြီး အဲဒီ အမူးသမားကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ပါတယ်။ လူအုပ်ကြီးက ဒါကို မကျေနပ်ပါဘူး။ ရဲစခန်းကို ဝိုင်းပြီး နှစ်နာရီလောက်ကြာအောင် အရေးဆိုလိုက် ကြပါသေးတယ်။ နောက်မှ ရဲစခန်းက အဲဒီ အမူးသမားကို ကာအိန္ဒြေ ပျက်စေမှုနဲ့ အမှုဖွင့်လိုက်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

ဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ရင် ရွာသားတွေဟာ ဘယ်သူက ဖြန့်လိုက်မှန်းမသိတဲ့ ကလေးသူခိုး ဆိုတာကို အလွယ်တကူ ယုံကြည်လိုက်တာ ဖြစ်ပါတယ်။ ဒုတိယ ပြသနာကတော့ ကလေးသူခိုးလို့ သံသယ ရှိသူကို ဝိုင်းဝန်း ဖမ်းဆီးပြီး ရဲတပ်ဖွဲ့လက် အပ်ရမယ့်အစား လူအုပ်စုအားကိုးနဲ့ တရားဥပဒေမဲ့ ဝိုင်းဝန်း ရိုက်နှက်ကြတာ ဖြစ်ပါတယ်။ ဒါကို သူတို့နည်း သူတို့ဟန်နဲ့ အပြစ်ပေးကြတယ်လို့ လွယ်လွယ် တွေးကြမှာဖြစ်ပေမယ့် တကယ့်တကယ်တော့ တရားဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်လိုက်ကြတာပါ။

အလားတူ ဖြစ်ရပ်မျိုးတွေဟာ မြန်မာ့လူ့ဘောင်ထဲမှာ အမြစ်တွယ်နေတာ အတော်လေး ကြာမြင့်ခဲ့ပါပြီ။ ဥပမာအားဖြင့် ည အချိန်မှာ ပဋိပက္ခ အကြောင်း တစ်စုံတစ်ခုခုကြောင့် ထွက်ပြေးသွားသူကို သူခိုး သူခိုး ဆိုပြီး အော်လိုက်တာနဲ့ ဝိုင်းဝန်း တားဆီး၊ တစ်ခွန်းတစ်ပါဒမှ မမေးမမြန်းပဲ ဝိုင်း သမကြတာမျိုးပါ။ နောက်ထပ် ဆိုးတဲ့ အမှုတစ်မျိုးက ယာဉ်မတော်တဆမှုတွေ ဖြစ်ပါတယ်။ မတော်တဆ မှုဖြစ်ပြီ ဆိုတာနဲ့၊ လမ်းဘေးပေါ်ဖြစ်စေ၊ အခြား ကားတစ်စီးစီးပေါ်ဖြစ်စေ၊ ထိခိုက်အနာတရ ဖြစ်သူ ရှိပြီဆိုတာနဲ့ ကားဒရိုင်ဘာ၊ စပယ်ယာတွေကို ဝိုင်း ဆွမ်းကြီးလောင်း ကြတာပါ။ 

ပြည်သူတွေဟာ အဲဒီ အလုပ်ကို ဥပဒေအရ ခွင့်ပြုထားသလို လူစုလူဝေးနဲ့ ပျော်ပျော်ကြီး လုပ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယာဉ်မတော်တဆ မှု ဖြစ်ပြီဆိုတာနဲ့ ကားဒရိုင်ဘာ၊ စပယ်ယာတွေဟာ ပြသနာကို နောက်မှရှင်း၊ အခု အသက်လုအောင် ပြေး ဆိုတဲ့ ထုံး နှလုံးမူကြီး ထွက်ပြေးကြတဲ့ အမှုတွေဟာ ဒုနဲ့ ဒေးပါပဲ။ နောက်တစ်မျိုးကတော့ မိန်းကလေး တစ်ယောက်ယောက်နဲ့ စကားများ ပြသနာဖြစ်တဲ့ အမျိုးသား တစ်ယောက်ယောက်ကို အဲဒီ မိန်းမက လီဆည် လုပ်ကြံတာပါ။ ကျွန်မကို “ဘာလုပ်နေပါတယ်ရှင်း” လို့ အော်လိုက်တာနဲ့ ဝိုင်း သမကြမယ့် သူရဲကောင်း အမျိုးသားတွေ အလျှိုလျှို ပေါ်လာပြီး လက်စွမ်းပြကြတော့တာပါပဲ။ အဲဒီ သကောင့်သား မပြေးနိုင်လို့ကတော့ သေပြီသာမှတ်။

ဒီ ဖြစ်ရပ်တွေက ပြတဲ့ အဓိက ပြသနာ နှစ်မျိုးကတော့ မြန်မာလူမျိုးတွေ စဉ်းစားဆင်ခြင်ဉာဏ် အားနည်းတယ် ဆိုတဲ့ ပြယုဂ်ပါပဲ။ စဉ်းစားဆင်ခြင်ဉာဏ် နည်းတာကို စဉ်းစားဆင်ခြင်ဉာဏ် နည်းတယ် လို့ပြောတာ ဘာမှ နာစရာ မရှိပါဘူး။ စဉ်းစားဆင်ခြင်ဉာဏ် နည်းလို့ပဲ တစ်ခုခု ဆိုတာနဲ့ ယုံစားမိလိုက်ကြတာ ဖြစ်ပါတယ်။ အခုလို ကလေးသူခိုးဆိုတဲ့ ရှိမှန်းမသိ မရှိမှန်း မသိ ပြသနာမှာ ယုံလွယ်ကြ သလို၊ ဘာသာရေး လူမျိုးရေး မုန်းတီးမှု ဖြန့်ဖြူးတာတွေကိုလည်း ယုံလွယ်ကြပါတယ်။ အခြား စဉ်းစားဆင်ခြင်ဉာဏ် နည်းတဲ့ ပြသနာ နမူနာတွေကတော့ ဒုနဲ့ဒေးပါပဲ။ ဒီ ပြသနာ ဖြေရှင်းဖို့ကတော့ မလွယ်ကူပါဘူး။ တိုင်းပြည်ကို စစ်အာဏာရှင်တွေက နှစ်ရှည်လများ အုပ်ချုပ်ခဲ့တာ၊ ပညာရေးစနစ် အလွန့်အလွန် နိမ့်ကျခဲ့တာတွေရဲ့ အကျိုးဆက်ပါပဲ။ ဒီလိုနည်းနဲ့ ပြည်သူတွေဟာ စဉ်းစားဆင်ခြင် ဉာဏ်နည်းတဲ့ လူသားတွေ ဖြစ်လာကြတာပါ။ ဒါကို ကုစားဖို့ အချိန်ယူရပါလိမ့်မယ်။ ပညာရေး မြှင့်တင်တာ အပါအဝင် စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲပါမှ နောင် နှစ်ပေါင်းများစွာကြာမှ ဖြစ်လာနိုင်မှာပါ။

နောက်ပြသနာ တစ်ခုကတော့ လူစုလူဝေးနဲ့ ဝိုင်းဝန်း အနိုင်ကျင့် ရိုက်နှက်ကြတာပါ။ ကိုယ်တစ်ကြိမ်တစ်ခါမှ မတွေ့ဘူး၊ မမြင်ဘူးသူ တစ်ယောက်ယောက်ကို ပယ်ပယ်နယ်နယ် ရက်ရက်စက်စက် ဝိုင်းဝန်း ရိုက်နှက်ပြီး သူရဲကောင်းဘွဲ့ခံကြတာပါ။ ဒီဖြစ်ရပ်တွေအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ တရားစီရင်ရေး နဲ့ ပြည်သူလူထု တစ်ရပ်လုံးမှာ တာဝန်ရှိပါတယ်။ ဒါဟာ တရားဥပဒေ ချိုးဖေါက်မှုဖြစ် တဲ့အတွက် အဲလို တရားဥပဒေ ချိုးဖေါက်သူတွေကို တရားရုံးရောက်အောင် ဖမ်းဆီး တင်ပို့ပေးရေးဟာ ရဲတပ်ဖွဲ့မှာ လုံးဝ တာဝန်ရှိပါတယ်။ အခုရဲတွေက အဲဒီတာဝန် မထမ်းဆောင် သလို၊ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်တာ မရှိပါဘူး။ ဒါကို အပြစ်ပေးဖို့ကတော့ တရားသူကြီး တွေရဲ့ တာဝန်ပါ။ ပြင်းထန် ထိရောက်တဲ့ ဥပဒေ မရှိသေးရင် ပြဌာန်းဖို့ဟာ လွှတ်တော် အမတ်တွေရဲ့ တာဝန်ပါ။

နောက် အရေးကြီးတာက ပြည်သူတွေရဲ့ သဘောထား ခံယူချက်ပါ။ လူတစ်ယောက်ကို ဘုမသိ ဘမသိ ဝိုင်းဝန်း ထိုးကြိတ်၊ ရိုက်နှက်၊ သတ်ဖြတ်နေတာကို သူရဲကောင်းတွေလို အားပေးကြည့်ရှု ၊နောက်ပိုင်း အရသာခံ ပြောဆိုတာတွေဟာ အတော်မှားယွင်းနေတဲ့ ကိစ္စပါ။ ယုတ်စွအဆုံး ကိုယ့်မျက်စေ့ရှေ့မှာ အဲလို ဥပဒေမဲ့ မတရားပြုကျင့်မှု ဖြစ်နေတာကို ဝင်ရောက်တားဆီးခြင်း မပြုနိုင်တာကိုက ရှက်စရာ အလွန်ကောင်းပါတယ်။ နိုင်ငံကြီးသားတွေကတော့ အဲလို ဘယ်တော့မှ မရှိပါဘူး။ ယုတ်စွအဆုံး လူအုပ်ကြီးရဲ့ လက်ချက် ကိုယ်လဲ ရောယောင်ပါမသွားဖို့ ဂရုစိုက်ရတယ် ဆိုခဲ့ရင်တောင် နောင် အဲဒီ ကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးရမိရေး သက်သေ ထွက်ဆိုပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သတ္တိနည်းတဲ့ နိုင်ငံသားတွေကြောင့် တရားဥပဒေ ချိုးဖေါက်မှုဖြစ်တဲ့ လူစုလူဝေးနဲ့ အနိုင်ကျင့်တဲ့ဝါဒ ဆက်ပြီး ထွန်းကားနေဦးမှာပဲ ဖြစ်တယ်လို့ ထင်မြင်မိကြောင်းပါ။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly