တရုတ်ဘာသာဖြင့် ပြောဆိုရန် တိဗက်လူမျိုးများ ဖိအားပေးခံရ

By ANI
29 April 2022
တရုတ်ဘာသာဖြင့် ပြောဆိုရန် တိဗက်လူမျိုးများ ဖိအားပေးခံရ

တရုတ်ဘာသာစကားကို ပြောဆိုရေးအတွက် တိဗက်ကျေးလက် ဒေသအာဏာပိုင်များက ရွာလူကြီးများကို တွန်းအားပေးနေသလို အစိုးရက ပြဋ္ဌာန်းထားသည့် ဘာသာစကားဆိုင်ရာမူဝါဒကို သဘောတူညီရန် ဖိအားပေးနေကြောင်း RFA သတင်းတွင် ဖော်ပြသည်။

တိဗက်ဘာသာစကားအသုံးပြုမှုကို ကန့်ကွက်ရန် ရည်ရွယ်၍ တရုတ်အာဏာပိုင်များက ရှေ့တိုးလုပ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆက်သွယ်ပြောဆိုမှုတွင် အဓိကဘာသာစကားအဖြစ် တရုတ်ဘာသာကို အရေးနှင့်အပြောပါ မြှင့်တင်ရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တိဗက်အရှေ့အလယ်ပိုင်းရှိ ကောင်ပိုဒေသတွင် ဒေသတွင်း ခေါင်းဆောင်များအတွက် ၁၀ ရက်ကြာ ကျင်းပခဲ့သည်။

၂၀၂၁ ခုနှစ်အကုန်မှ စတင်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲများတွင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ရာ၌ တရုတ်ဘာသာဖြင့်သာ ပြောဆိုရန် ဒေသန္တရအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားခဲ့သည်။

အမိန့်အရ တိဗက်ကျေးရွာများမှ ဝန်ထမ်းများသည် တရုတ်ဘာသာဖြင့်သာ ပြောဆိုဆက်သွယ်ရမည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် တိဗက်လူမျိုးများအား ၎င်းတို့၏ အမျိုးသားယဉ်ကျေးမှု၊ ကိုယ်ပိုင် လက္ခဏာများနှင့် ချိတ်ဆက်မှုကို အားနည်းစေရန် တရုတ်၏ နောက်ထပ်တွန်းအားပေးမှု တစ်ခုဖြစ်ကြောင်း အဝေးရောက် တိဗက်သုတေသသီများက ပြောသည်။

တရုတ်သည် ဘုန်းတော်ကြီးကျောင်းများ သို့မဟုတ် ပုဂ္ဂလိကပိုင်ကျောင်းများအပါအဝင် တိဗက် ဘာသာစကားနှင့်ယဉ်ကျေးမှုကို သင်ကြားပေးသော အဖွဲ့အစည်းများကို နှစ်ပေါင်းများစွာ ပိတ်သိမ်းခဲ့သည်။

ယခုကဲ့သို့ တရုတ်ဝိသေသလက္ခဏာအသွင်ပြောင်းလဲမှုကြိုးပမ်းအားထုတ်ချက်များကို လေ့လာ သုံးသပ်သူများနှင့် ဝေဖန်ရေးသမားများက ပြစ်တင်ခဲ့ကြသည်။

“တရုတ်အစိုးရဟာတိဗက်စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေမှာ မန်ဒရင်း တရုတ်ဘာသာအသုံးပြုဖို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် အခု ဒီမူဝါဒတွေဟာ တိဗက်အားလုံးအပေါ် သက်ရောက်နေပါတယ်။ ဒါဟာ တိဗက်ဘာသာစကားနဲ့ ယဉ်ကျေးမှုကို တရုတ်အသွင်ပြောင်းတဲ့ ကြိုးပမ်းအားထုတ်မှုပါ” ဟု လန်ဒန်အခြေစိုက် Tibet Watch မှ သုတေသီ ပီမာဂယ်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly