ပါကစ္စတန်၌ ဆစ်ခ်များအပေါ် အကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်ပွားမှု မြင့်တက်နေ

By Zeenews
28 April 2022
ပါကစ္စတန်၌ ဆစ်ခ်များအပေါ် အကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်ပွားမှု မြင့်တက်နေ

ပါကစ္စတန်နိုင်ငံတွင် ဆစ်ခ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေသည်ဟု သိရပြီး သက်ဆိုင်ရာ အာဏာပိုင်များဘက်မှ နှုတ်ဆိတ်နေသော ပွဲကြည့်ပရိသတ်သဖွယ် ဆောင်ရွက်နေသဖြင့် ယင်းအခြေအနေကြောင့် လူအစုအဖွဲ့ ခေါင်းဆောင်များအကြား မကျေမချမ်းမှုတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပျောက်ဆုံးလျက်ရှိသည့် ယင်းနိုင်ငံ၏ ပထမဆုံး ဆစ်ခ်ဘာသာဝင် ရဲတပ်ဖွဲ့ဝင်ဖြစ်သည့် ဂူလက်ဘ် ဆင်းဂ် မည်သည့်နေရာတွင် ရှိနေသည်ဆိုခြင်းကို ရဲများက ယခုထက်ထိ ရှာတွေခြင်း မရှိသေးပေ။ အလားတူ နန်ကာနာ ဆာဟစ်ဘ် မြို့တွင် ဆစ်ခ်များအပေါ် နောက်ထပ် တိုက်ခိုက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ခြင်းက ဆစ်ခ်အသိုင်းအဝိုင်း ကို တုန်လှုပ်စေခဲ့ပြီး အထိတ်တလန့် ဖြစ်စေခဲ့သည်။

ယခု နောက်ဆုံးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ဆစ်ခ် ဘာသာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သော ပါကစ္စတန် ဆစ်ခ် ဂါ့ဒ်ဝါရာ ပါဘန်းဟက်ခ် ကော်မတီ ဥက္ကဋ္ဌဟောင်း၏ သားဖြစ်သည့် ဒီလာဝါ ဆင်းဂ် ၊ ၎င်း၏ ဆွေမျိုး ပယ်လေ ဆင်းဂ် နှင့် အခြားဆစ်ခ်ဘာသာဝင်တစ်ဦးတို့သည် နန်ကာနာ ဆာဟစ်ဘ်မြို့၌ မြေယာများကို တရားမဝင် နည်းလမ်းများဖြင့် ဝယ်ယူ၊ရောင်းချသော ရာဇဝတ်ဂိုဏ်းအဖွဲ့တစ်ခု၏ အပြင်းအထန် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ယင်းနောက် ကြောက်လန့်တကြား ဖြစ်နေသည့် ဒီလာဝါ ဆင်းဂ်က ဆေးရုံ၌ ၎င်း၏ ဆွေမျိုးတစ်ဦးကို ကူညီပြုစု‌နေရပုံကို ပြသထားသည့် ဗီဒီယိုတစ်ခုထဲတွင် ပါကစ္စတန်ရှိ လူနည်းစုများ၏ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်သွားခဲ့သည်။

“ကျွန်တော်တို့ဟာ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့် ဆိုတဲ့ ကြွေးကြော်သံတွေ ထုတ်ဖော်နေကြတာပါ။ ဒါပေမယ့် လွတ်လပ်ခွင့်က မရှိပါဘူး။ ကျွန်တော်တို့ရဲ့ မြေကို ရာဇဝတ်ဂိုဏ်းအဖွဲ့က သိမ်းယူထားပါပြီ။ ပြီးခဲ့တဲ့ ဆယ်နှစ်တာအတွင်း ကျွန်တော်တို့ဟာ ရန်မူ၊ စော်ကားခံခဲ့ရပါတယ်။ ဒါပေမယ့် အန္တရာယ်ရှိရာ အရပ်ကို စွန့်ခွာထွက်ပြေးလာသူတွေရဲ့ မြေယာဥစ္စာပစ္စည်း ထိန်းသိမ်းစောင့်ရှောက်မှု ဘုတ်အဖွဲ့ အပါအဝင် အရပ်ဘက် အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဘက်က တရားခံတွေကို အရေးယူပေးရမယ့်အစား သူတို့ကို ကူညီနေပါတယ်။ ကျွန်တော်တို့ကိုကူညီနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ခေါင်းပေါင်းပေါင်းထားတဲ့ ဂျိုကာတွေလို ဖြစ်နေပါတယ်” ဟု ၎င်းက ဗီဒီယိုထဲတွင် ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly