တရုတ်ဆည်မှ ကြိုတင်အသိပေးခြင်းမရှိဘဲ ရေများထုတ်လွှတ်လိုက်ခြင်းကြောင့် မဲခေါင်မြစ်ရေများ တက်ခဲ့ကြောင်း လာအိုဒေသခံများပြောကြား

တရုတ်ဆည်မှ ကြိုတင်အသိပေးခြင်းမရှိဘဲ ရေများထုတ်လွှတ်လိုက်ခြင်းကြောင့် မဲခေါင်မြစ်ရေများ တက်ခဲ့ကြောင်း လာအိုဒေသခံများပြောကြား

တရုတ်ရှိ ကျင်းဟုန်ဆည်မြစ်ညာပိုင်းမှ ကြိုတင်အသိပေးခြင်းမရှိဘဲ ရေများထုတ်လွှတ်လိုက်ခြင်းကြောင့် ယခုသီတင်းပတ်အတွင်း မဲခေါင်မြစ်အတွင်း ရေများတက်လာသည်ကို လာအိုရှိ ဒေသခံများက အံ့အားသင့်စွာ တွေ့ရှိရကြောင်း ပြောကြားခဲ့ပြီး သိသာထင်ရှားသော ပျက်စီးမှုသတင်းမရရှိသေးပေ။ လာအိုနိုင်ငံရှိ ဒေသများတွင် မဲခေါင်မြစ်ရေသည် ၃၀ စင်တီမီတာ (ဝ ဒသမ ၉၈ ပေ) ကျော် မြင့်တက်လာကြောင်း ထိုင်းနိုင်ငံ ရေအရင်းမြစ်ဆို်ငရာ အာဏာပိုင်ရုံး၏ ဧပြီ ၂၀ရက်တွင် ထုတ်ပြန်သည့် သတိပေးချက်တစ်ရပ်၌ ဖော်ပြထားသည်။
  
ထိုင်းနိုင်ငံတွင်လည်း ရေမျက်နှာပြင် မြင့်တက်ခဲ့ပြီး လွိုင်ပြည်နယ် ချင်းခန်ခရိုင်နှင့် ချင်းရိုင်ပြည်နယ် ချင်းဆန် ခရိုင်တွင် ၇၀ မှ ၈၀ စင်တီမီတာအထိ မြင့်တက်ခဲ့ကြောင်း သတိပေးချက်တွင် ပါရှိသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အဆိုပါ ဆည်မှ ရေလွှတ်ခြင်းနှင့်ပတ်သက်၍ လာအိုနှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအား ကြိုတင်အသိပေးခြင်းမရှိခဲ့ပေ။
 
တရုတ်နိုင်ငံတွင် လန်ဆန်းဟု လူသိများသော မဲခေါင်မြစ်ဝှမ်းအထက်ပိုင်းမြစ်ကြောင်းတစ်လျှောက်၌ ကြီးမားသော ရေသိုလှောင်သည့် ဆည်ကြီး ၂ ဆည်အပါအဝင် ဆည်ကြီး ၁၁ ခုရှိသည်။

လာအိုနိုင်ငံသည် မဲခေါင်မြစ်ကြောင်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် ဆည် ၂ ခုရှိပြီး ချမ်းသာသော အိမ်နီးချင်းများကို လျှပ်စစ်တင်ပို့ခြင်းအားဖြင့် ဝင်ငွေရရှိစေရန် အစိုးရ၏ ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းအဖြစ် ယင်း၏ မြစ်လက်တက်များတွင် ရေအားလျှပ်စစ်စီမံကိန်းများ ဒါဇင်နှင့်ချီရှိသည်။

တုံဖန်းခရိုင်တွင် နေထိုင်သော လာအိုငါးဖမ်းသမားတစ်ဦးက ဧပြီ ၂၀ရက်တွင် မြစ်ရေ မြင့်တက်လာသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သည်။

“ဧပြီ ၂၀ ရက် မနက် ၁၀ နာရီက တုံဖန်းခရိုင် အရှေ့ဘက်မှာ မဲခေါင်မြစ်ရေက အရင်ရက်ကထက် ၃၀ စင်တီမီတာလောက် မြင့်တက်ခဲ့ပြီး ဒီနေ့နဲ့ မနက်ဖြန် ပိုများမယ်လို့ ခန့်မှန်းရပါတယ်” ဟု ၎င်းက ဆိုသည်။

ကျင်းဟုန်ဆည်အနီးရှိ ဆည်တွင် ၁၇၅၀ မဂ္ဂါဝပ်ရှိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ခုရှိပြီး တစ်ခါ တစ်ရံတွင် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ရန် ရေကို ပိုလွှတ်လေ့ရှိသည်။
 
သို့သော် ရေများရုတ်တရက်လွှတ်ခြင်းသည် လူမှုအသိုင်းအဝိုင်းကို ထိခိုက်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly