ရုရှားနှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေး

ရုရှားနှင့် တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေး

နိုင်ငံတကာ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ ရုရှားနှင့် မိမိတို့၏ ဘုံအကျိုးစီးပွားကို ပူးတွဲ ကာကွယ်သွားမည်ဖြစ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီယုချန်က ဧပြီလ ၁၈ရက်တွင်ပြောကြား ခဲ့သည်။

"နိုင်ငံတကာ အခြေအနေတွေ ဘယ်လိုပဲ ဖြစ်ပေါ်ပြောင်းလဲနေပါစေ။ တရုတ်က ရုရှားနဲ့ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို အမြဲတမ်း အားကောင်းအောင်နဲ့ နှစ်ဘက်အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ပြုလုပ်ပြီး နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားကို ပူးတွဲကာကွယ်သွားမှာပါ" ဟု လီ က ပြောကြားသည်။

လီသည် တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရေး ဒီနီဆော့ဗ်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ဆက်ဆံရေးအပြင် နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ မျိုးစုံအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြ ကြောင်း တရုတ်အစိုးရသတင်းဌာန China.org.cn တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ခေတ်သစ်အတွက် တရုတ်-ရုရှားဘက်စုံ မဟာဗျူဟာ မြောက် မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှုသည် မြင့်မားသောအဆင့်ဖြင့် ဆက်လက်တိုးတက်နေပြီး နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

၂၀၂၂ခုနှစ် ပထမ ၃လပတ်တွင် တရုတ်နှင့် ရုရှားကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ၃၀ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာသည်ဟု တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ရုရှားသည် တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်ရေးကို သံတမန်ရေးရာ ဦးစားပေးအဖြစ် အမြဲတမ်း ရှုမြင်ကြောင်း ရုရှားသံအမတ်ကြီး ဒီနီဆော့ဗ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly