အာဖဂန်နစ္စတန်တွင် ကလေးငယ်များ အစားအစာ မလောက်ငမှုများ ကြုံတွေ့နေရ

အာဖဂန်နစ္စတန်တွင် ကလေးငယ်များ အစားအစာ မလောက်ငမှုများ ကြုံတွေ့နေရ

အာဖဂန်နစ္စတန်နိုင်ငံတွင် အဆိုးဆုံးသော စားနပ်ရိက္ခာ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရချိန် ယင်းနိုင်ငံရှိ ကလေး ၃ဦးအနက် ၂ ဦးခန့် သို့မဟုတ် ကလေး ၁၂ သန်းခန့်သည် နေ့စဉ်နှင့်အမျှ အစားအစာများကို လုံလောက်စွာ ရရှိနိုင်ရန် ခက်ခဲနေသည်ဟု အစီရင်ခံစာများက ဖော်ပြသည်။ အဆိုပါကလေးများ၏ မိသားစုများသည်လည်း အသက်ရှင် ရပ်တည်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအပေါ် မှီခိုနေကြရသူများ ဖြစ်ကြသည်။

ယင်းနိုင်ငံရှိ ကလေး ငါးသန်းခန့်သည် ဆာလောင်ငတ်မွတ်မှုနှင့် ကြုံရတော့မည့်ဆဲဆဲ အခြေအနေ ဖြစ်နေသည်ဟု ယူကေ အခြေစိုက် ကလေးသူငယ် အခွင့်အရေး အဖွဲ့ Save the Children က ပြောသည်။

“လူသားချင်းစာနာမှု အကူအညီတွေက အာဖဂန်ရဲ့ အရေးတကြီး လိုအပ်မှုတွေကို သက်သာ ပြေပျောက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါက စီးပွားရေးတစ်ခုလုံးကိုတော့ ထောက်ကန်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ စီးပွားရေး အကျပ်အတည်းကို မိမိတို့ မဖြေရှင်းသရွေ့ ဒီနိုင်ငံက မိသားစုတွေဟာ အခြား ရွေးစရာ မရှိဘဲ သူတို့ရဲ့ ကလေးတွေကို အလုပ်လုပ်ဖို့ တစ်ခြားနေရာတွေကို ပို့ဆောင်တာ ဒါမှမဟုတ် ကလေးတွေကို ရောင်းစားတာ တို့လိုမျိုး ကြံမိကြံရာ လုပ်ရပ်မျိုးတွေကို မလွဲသာဘဲ လုပ်ကြရပါလိမ့်မယ်။ နိုင်ငံရဲ့ နေရာအများအပြားဟာလည်း အငတ်ဘေး ကျရောက်လုဆဲဆဲ ဖြစ်နေတာကြောင့် အချိန်က အင်မတန် အရေးကြီးနေပါတယ်” ဟု Save the Children ၏အာဖဂန်နစ္စတန်ဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး ခရစ် အန်ယာမန်ဒီက ပြောသည်။

ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် အာဖဂန်နစ္စတန်ရှိ ကလေးများကို ကာကွယ်စောင့်ရှောက်ရေးအပေါ် အထူးအလေးထားသင့်သည်ဟု ကလေးသူငယ် အခွင့်အရေး တက်ကြွလှုပ်ရှားသူအချို့က ပြောကြကြောင်း Tolo News က ဖော်ပြသည်။

“ဒီနေ့အချိန်ကာလမှာက စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေဟာလည်း မိုးခေါင်မှုနဲ့ ကြုံနေရပါတယ်။ သူတို့ကိုလည်း ဆည်ရေပေးမှု စနစ်တွေနဲ့ ထောက်ပံ့ပေးသင့်ပါတယ်။ ဒါမှ သူတို့ရဲ့ ကလေးတွေကောင်းကောင်း ကြီးပြင်းနိုင်မှာဖြစ်ပါတယ်” ဟု အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဟိုမိုင်ရာ ဖာဟန်ဂျာက ပြောကြောင်း Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly