ရှန်ဟိုင်းသည် ကိုဗစ်-၁၉အတွက် တရုတ်တိုင်းရင်းဆေးမလိုဘဲ စားနပ်ရိက္ခာသာလိုအပ်ကြောင်းဆေးပညာရှင်များ ပြောကြား

ရှန်ဟိုင်းသည် ကိုဗစ်-၁၉အတွက် တရုတ်တိုင်းရင်းဆေးမလိုဘဲ စားနပ်ရိက္ခာသာလိုအပ်ကြောင်းဆေးပညာရှင်များ ပြောကြား

ကိုဗစ်ဖြစ်ပွားမှုကြောင့် အသွားအလာပိတ်ဆို့မှုခံနေရသော ပြည်သူများအား စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည်များထောက်ပံ့ခြင်းထက် တရုတ်တိုင်းရင်းဆေး Lianhua Qingwen ကို ဦးစားပေးထောက်ပံ့ရာတွင် အဆိုပါဆေး၏ ထိရောက်မှုကို သေချာစွာစိစစ်ရန် တရုတ်ဦးနှောက်နှင့်အာရုံကြောပညာရှင်တစ်ဦးက အာဏာပိုင်များကို တောင်းဆိုလိုက်သည်။
 
လူဦးရေ ၂၅ သန်းထက်မနည်းသည် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ဆန်နှင့် ပါးစပ်နှာခေါင်းစည်းများ ရနိုင်ရန် ကြိုးပမ်းနေချိန်တွင် Lianhua Qingwen ဆေးသေတ္တာ အနည်းဆုံး ၈ သန်းခန့်ကို အိုမီခရွန်မျိုးကွဲ တိုက်ဖျက်ရန် ရှန်ဟိုင်းသို့ ပို့ဆောင်နေကြသည်။
 
“ကိုဗစ်-၁၉ ဆေးဖြန့်တာဟာ သေသေချာချာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ အတုအယောင်နဲ့ ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ဆေးတွေကို ပြည်သူတွေကို မပေးသင့်ပါဘူး” ဟု ပေကျင်းရှိ Capital Medical University မှ ဥက္ကဋ္ဌ ရောင်ရီက လူမှုမီဒီယာ WeChat တွင် ရေးသားခဲ့သည်။ ဧပြီ ၈ ရက် ဈေးကွက်စာရင်းအရ ဆေးဝါးကုမ္ပဏီ Shijiazhuang Yiling သည် ယွမ် ၆၁ သန်း ( အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်း) တန်ဖိုးရှိ Lianhua Qingwen ဆေးသေတ္တာ အနည်းဆုံး ၈ သန်းကို ရှန်ဟိုင်းသို့ လှူဒါန်းခဲ့သည်။

စေတနာ့ဝန်ထမ်းပို့ဆောင်ရေးသမားတစ်ဦးက အရေးတကြီး လိုအပ်သော ဟင်းသီးဟင်းရွက်များ၊ ဆန်နှင့် ပါးစပ်နှာခေါင်းစည်းတို့အစား ၎င်း၏လုပ်အား ၃ ပုံ ၁ ပုံကို ဆေးကုသမှုအတွက် ပို့ဆောင်ရေးယာဉ်တန်းတွင် မြှုပ်နှံထားရကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ပြောဆိုပြီးနောက် လှူဒါန်းမှုကို ဦးစားပေးသောပို့ဆောင်မှုအကြောင်းသည် အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။ 
 
Lianhua Qingwen ဆေးများကို ကျန်းမာရေးကောင်းသောသူများထံ ပေးပို့နေခြင်းကြောင့် ကျန်းမာရေးကောင်းသူများသောက်လျှင် အစာအိမ်နှင့်ကျောက်ကပ်ပျက်စီးခြင်းဖြစ်စေနိုင်ကြောင်း နိုင်ငံတစ်ဝန်းက ဆရာဝန်များက သတိပေးခဲ့ရသည်ဟု ရှန်ဟိုင်းအခြေစိုက် အစိုးရပိုင်မီဒီယာ Jiefang Daily နှင့် ဝူဟန်အခြေစိုက် Hubei Daily တို့တွင် ဖော်ပြထားသည်။

Lianhua Qingwen ဆေးသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းစသည့် အပျော့စားမှ အလတ်စားရောဂါလက္ခဏာများအတွက် အကြံပြုထားသော ကုသမှုအဖြစ် ၂၀၂၀ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များတွင် ပါဝင်လာခဲ့သည်။ 

ဟောင်ကောင်တွင်လည်း မြို့အနှံ့ဖြန့်ဝေသော ကပ်ရောဂါတိုက်ဖျက်ရေးလက်နက်အဖြစ် ထည့်သွင်းထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly