ဂျပန်က တောင်ပိုင်းကူရီကျွန်းကို သိမ်းပိုက်ခံနယ်မြေအဖြစ် ၂၀၀၃ နောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြော

ဂျပန်က တောင်ပိုင်းကူရီကျွန်းကို သိမ်းပိုက်ခံနယ်မြေအဖြစ် ၂၀၀၃ နောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြော

ဂျပန်အစိုးရသည် မြောက်ပိုင်းနယ်မြေအဖြစ် လူသိများသော တောင်ပိုင်း ကူရီကျွန်းများကို ရုရှားက တရားမဝင် သိမ်းပိုက်ထားကြောင်း ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သံတမန်ရေးရာ နှစ်ပတ်လည် မှတ်တမ်းစာအုပ် Diplomatic Bluebook တွင် ဖော်ပြခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

တောင်ပိုင်း ကူရီကျွန်းများကို ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံ၏ ရှိရင်းစွဲ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

မူဝါဒရေးရာနှင့်လှုပ်ရှားမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာဖြစ်သည့် Diplomatic Bluebook ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အစိုးရထံ ဧပြီ ၂၂ ရက်က တင်ပြခဲ့သည်။

ဂျပန်နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ငြင်းဆိုခြင်း၊ တောင်ပိုင်းကူရီကျွန်းများသို့ ဂျပန်နိုင်ငံသားများ ဗီဇာကင်းလွတ် သွားလာခွင့်ကို ရပ်ဆိုင်းခြင်းနှင့် ကျွန်းပေါ်တွင် ပူးတွဲစီးပွားရေးလုပ်ငန်းများ ထူထောင်ရေးအတွက် ဂျပန်နှင့်ဆွေးနွေးမှုကို ရပ်လိုက်ခြင်း စသည့် ရုရှားဆုံးဖြတ်ချက်များပြီးနောက် ထိုသို့ ဖော်ပြလာခြင်းဖြစ်သည်။

ယူကရိန်းစစ်ဆင်ရေးကြောင့် ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများတွင် ပါဝင်ရန် ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက အဆိုပါခြေလှမ်းများကို လှမ်းခဲ့ခြင်းဖြစ်သည်။

ရုရှားသည် ဒွန်းတက်စ်နှင့် လူဟန့်ဒေသတို့ကို ခွဲထွက်ပြည်နယ်များအဖြစ် ထောက်ခံကာ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းစစ်ရေးစစ်ဆင်ရေးကို စတင်ခဲ့သည်။ အနောက်နိုင်ငံများက ထိုစစ်ဆင်ရေးကို ကျူးကျော်မှုဟု ခေါ်ဆိုခဲ့ပြီး ရုရှားအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly