ဗဟိုအာဖရိကတွင် ဥရောပနှင့် ကုလ တပ်ဖွဲ့ဝင်များ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ဟု စွပ်စွဲခံရ

ဗဟိုအာဖရိကတွင် ဥရောပနှင့် ကုလ တပ်ဖွဲ့ဝင်များ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ဟု စွပ်စွဲခံရ

ဗဟိုအာဖရိကနိုင်ငံတွင် ဥရောပ တပ်ဖွဲ့ဝင်များနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး စောင့်ကြည့် တပ်ဖွဲ့ဝင်များက လိင်ပိုင်ဆိုင်ရာ စော်ကားမှုများ ကျူးလွန်ခဲ့ကြောင်း ယင်းနိုင်ငံရှိ ကလေးငယ် ဆယ်နှစ်ဦးထက်မနည်းက တိုင်တန်းထားသည်ဟု ကုလသမဂ္ဂက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြား လိုက်သည်။ အလားတူ အဖြစ်မျိုးသည် ယင်းနိုင်ငံတွင် မကြာခဏ ဖြစ်ပေါ်နေသည်ဟုလည်း ကုလသမဂ္ဂက ပြောဆိုသွားသည်။

ခရစ်ယာန် အများစု နေထိုင်သည့် အဆိုပါ နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က မွတ်ဆလင်သူပုန် များက အာဏာရယူခဲ့ခြင်းကြောင့် ဘာသာရေးနှင့် လူမျိုးရေးအဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ကာ လူပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက်ပိုင်း ယင်းနိုင်ငံတွင် နိုင်ငံခြား တပ်ဖွဲ့များကို တပ်ချထားခဲ့ရသည်။ ပြင်သစ်တပ်များသည် ယင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ်ကတည်းက ရှိနေခဲ့သည်။ ဥရောပသမဂ္ဂ တပ်ဖွဲ့ဝင်များသည်လည်း ၂၀၁၄ ဧပြီလမှ ၂၀၁၅ မတ်လအထိ ယင်းနိုင်ငံတွင် ရှိနေခဲ့သည်။

"ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိလာတဲ့အခါမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကုလသမဂ္ဂအတွက် အလုပ်လုပ်နေကြတဲ့သူတွေအတွက် ဒေါသထွက်စေပါတယ်၊ ဒါမျိုးက နားလည်ရခက်ပါတယ်" ဟု ကုလသမဂ္ဂ၏ ယင်းနိုင်ငံအတွက်မြေပြင် ထောက်ပံ့မှုဆိုင်ရာ လက်ထောက် အတွင်းဝန် အန်သိုနီ ဘန်ဘူရီက ပြောကြားသည်။

"ကုလအနေနဲ့ ငြိမ်းချမ်းရေးအတွက် အရာအားလုံးကို လုပ်ဆောင်နေပါတယ်၊ ဒီကိစ္စတွေမှာ ခံစားခဲ့ရသူတွေကိုလည်း အတတ်နိုင်ဆုံး တရားမျှတမှု ရဖို့ ကူညီပေးပါမယ်၊ နောက်ထပ်လည်း ဒီလို ကိစ္စမျိုးတွေထပ်မဖြစ်အောင် ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြင်သစ်၊ ဂျော်ဂျီယာနဲ့ အမည်မဖော်လိုသည့် ဥရောပ နိုင်ငံတစ်နိုင်ငံမှ တပ်သားများသည် ၂၀၁၄ ခုနှစ်က နိုင်ငံ၏ မြို့တော် ဘန်ဂွီ လေဆိပ်အနီးရှိ ဒုက္ခသည်စခန်းအနီးတွင် လိင်ပိုင်းဆိုင်ရာ   စော်ကားခဲ့ကြကြောင်း ကလေးခြောက်ဦးက စွပ်စွဲခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ စွပ်စွဲခံထားရသော နိုင်ငံများနှင့် အီးယူတို့ကို စုံစမ်းစစ်ဆေးနေသည်ဟု ကုလသမဂ္ဂက ထုတ်ပြန် ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly