လွှတ်တော်တွင်းက ချိုမြိန်သော နိုင်ငံရေးယဉ်ကျေးမှုသစ် အရိပ်အယောင်များ

လွှတ်တော်တွင်းက ချိုမြိန်သော နိုင်ငံရေးယဉ်ကျေးမှုသစ် အရိပ်အယောင်များ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၉နာရီတွင် တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - သက်ကို/မဇ္ဈိမ)

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်သက်တမ်း နောက်ဆုံးအကြိမ် လွှတ်တော်အစည်းအဝေးအကြောင်း သတင်းစာနှင့် ဂျာနယ်များ၊ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် တပြိုင်နက် တည်းလိုလို ဖတ်ကြရပါသည်။ လွှတ်တော်အတွင်း ပြောကြဆိုကြသည့် စကားများအားလုံးကို ခြုံငုံ သုံးသပ်မည်ဆိုပါက သည်သတင်းကို ဖတ်ကြရသူတိုင်း ဝမ်းမြောက်ဝမ်းသာ   ဖြစ်ကြရမည်သာ   ဖြစ်သည်။

အထူးသဖြင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ ပြောစကား များမှာ မှတ်သားဖွယ် လည်းကောင်းပြီး ကြေနပ်အားရဖွယ်လည်း ကောင်းပါသည်။

လွှတ်တော်နှစ်ရပ်၏ အကြီးအကဲများ ဖြစ်ကြသည့်အလျောက် သူရဦးရွှေမန်းနှင့် ဦးခင်မောင် မြင့်တို့၏ စကားများမှာ လွှတ်တော်နှစ်ရပ်ကို  ကိုယ်စားပြုသည့်စကားများဖြစ်ပြီး ပြည်သူလူထု   ထောက်ခံမှုဖြင့် ရွေးကောက်ပွဲ အောင်ပွဲဆင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာလည်း တမျိုး သားလုံး အားတက်ရွင်လန်းဖွယ် ဖြစ်စေခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ ပတ်သက်ပြီး မိမိတို့နိုင်ငံမှာ နိုင်ငံတော်အာဏာ အပြောင်းအလဲများ။ အနှစ်သာရများ၊ အသွင်လက္ခ ဏာများ တစ်ခုနှင့်တစ်ခု မတူညီကြသော်ငြားလည်း နိုင်ငံတော် အချုပ်အချာအာဏာ တကယ်ပိုင်ဆိုင် တဲ့သူဟာ ပြည်သူများသာ ဖြစ်တဲ့အကြောင်း အဲဒီ နိုင်ငံတော်အာဏာကို မည်သူတွေက မည်သည့် အခြေအနေကြောင့် ရယူခဲ့သည်ဖြစ်စေ  ပြည်သူများကိုသာ ပြန်လည်ပေးအပ်ရမှာ ဖြစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့ပါတယ်။

သည်လိုပြောတဲ့အခါ သူရဦးရွှေမန်းက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်လာမှုတွေကို အခြေခံပြီးမှ ပြောဆိုသွားခဲ့တာဖြစ်ပြီး တကယ်တော့ နှစ်ပေါင်းမြောက်များစွာ လက်လွှတ်ဆုံးရှုံးခဲ့ ကြရတဲ့ မိမိတို့ပြည်သူများရဲ့ ပထမအဆင့်အောင်ပွဲ သို့မဟုတ် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုလိုက်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ယင်းရွေးကောက်ပွဲမှာ ပုဂ္ဂိုလ်အရ ရှုံးနိမ့်ခဲ့သူ ဖြစ်သည် မှန်သော်ငြားလည်း ပြည်သူတို့ရဲ့ဆန္ဒနဲ့ ရွေးချယ်မှုကို လေးစားကြောင်း ပြတဲ့သဘောလည်း ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားရသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ အနိုင်ရရှိသည့်အတွက် လွှတ်တော်အတွင်း ဝင်ကြရ မည့် လွှတ်တော်ကိုယ်စားလှယ်များကို နှစ်ဦးနှစ်ဖက် အေးစက်နေမှုပျောက်ပြီး နွေးထွေးမှုဖြစ်စေသည့် ရယ်ရွှင်ဖွယ်စကားများဖြင့် ဖန်တီး လမ်းခင်းပေးခဲ့သည်ကို တွေ့ရပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ဂုဏ်ပြု နေ့လည်စာစားပွဲတွင် စကားပြောရာ၌ ရှုံးနိမ့်သွားကြရတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများရဲ့   ဆောင်ရွက်ချက်တွေကြောင့် ကျွန်မတို့ရဲ့ ကိုယ်စားလှယ်အသစ်တွေအတွက် လမ်းဟာ ပိုမိုပြီးတော့ ရှင်းလင်းသွားစေပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ တနည်းအားဖြင့်ပြောရရင် ပြိုင်ဖက်ဟောင်းများကို အသိအမှတ်ပြုရာ အလေးအနက်ထားရာ ရောက်တဲ့ စကားများပဲဖြစ်ပါတယ်။ ဒ့ါအပြင် လောကမှာ အကြီးမားဆုံးလာဘ်လာဘဟာ ကောင်းသောမြင့်မြတ်သော မိတ်ဆွေဖြစ်တယ်၊ နောက်ထပ် အကြီး မားဆုံးလာဘ်လာဘက ကောင်းသောမြင့်မြတ်သော ရန်သူဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားနေရာမှာ ကောင်းသော မြင့်မြတ်သော ပြိုင်ဘက် ဟူ၍ အစားထိုးပြောကြားလိုကြောင်းပြောသွားခဲ့ပါတယ်။ ဒါဟာဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိတို့နိုင်ငံမှာ နိုင်ငံရေးယဉ်ကျေးမှုသစ်ရဲ့ အခြေခံအုတ် မြစ်ကို ချပေးလိုက်သလိုဖြစ်တဲ့အပြင် လွတ်လပ်အေးချမ်းစွာ ယှဉ်ပြိုင်ရင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းတည်းဟူသော ဗဟုယဉ်ကျေးမှုရဲ့ ချိမြိန်လေးနက်သော စကားများကို ပြောဆိုသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။

ဒုတိယ လွှတ်တော်သက်တန်းကတော့ အစပြုလာခဲ့ပါပြီ။ မိမိတို့နိုင်ငံ ခေါင်းဆောင်များ သည့်ထက် အမျှော်အမြင် ကြီးမြင့်လေးနက်စွာ ဆက်လက် လက်တွဲလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ စည်းလုံးညီညွတ်သော သာယာဧချမ်းသော ချမ်းသာကြွယ်ဝသော နိုင်ငံတစ်ခုအဖြစ် မကြာမီ ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly