အာဖဂန်နစ္စတန်တွင် တာလီဘန် ထိန်းချုပ်မှု မတိုင်ခင်ကတည်းက လူ့အခွင့်အရေး ကိစ္စများ ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် အစီရင်ခံစာက ဖော်ပြ

အာဖဂန်နစ္စတန်တွင် တာလီဘန် ထိန်းချုပ်မှု မတိုင်ခင်ကတည်းက လူ့အခွင့်အရေး ကိစ္စများ ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် အစီရင်ခံစာက ဖော်ပြ

အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက် တာလီဘန်တို့ ထိန်းချုပ်မှု မတိုင်မီ ကာလနှင့် ထိန်းချုပ်မှု နောက်ပိုင်းတို့တွင် ကြီးလေးသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်ပေါ်ထားခဲ့ကြောင်း ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်စဉ် လူ့အခွင့်အရေးအခြေအနေများဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြသည်။

လူ့အခွင့်အရေး ကိစ္စရပ်များထဲတွင် လုံခြုံရေးတပ်ဖွဲ့များဘက်က ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ အစိုးရဆန့်ကျင်သော အမှုထမ်းများ၏ အဓမ္မဖမ်းဆီး ဖျောက်ဖျက်မှုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျူးလွန်သော ရက်စက်မှု၊ လူမဆန်မှု သို့မဟုတ် တစ်ဘက်သားကို အရှက်ရစေအောင် ပြုမူဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ကိစ္စရပ်များနှင့် ပတ်သက်သည့် ယုံကြည်စိတ်ချရသော သတင်းများ ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ပြင် ယင်းအစီရင်ခံစာတွင် ဂျာနယ်လစ်များအပေါ် အကြမ်းဖက်မှုနှင့် ဆင်ဆာဖြတ်တောက်မှု အပါအဝင် တာလီဘန်တို့ဘက်က လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်နှင့် မီဒီယာကဏ္ဍအပေါ် ကြီးလေးသည့် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ခြင်း၊ ဘာသာရေး လွတ်လပ်ခွင့်အပေါ် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ခြင်းနှင့် နိုင်ငံကနေ ထွက်ခွာခွင့်အပေါ် ကန့်သတ်ခြင်းတို့လည်း ပါဝင်သည်။

“သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေဟာ ဩဂုတ် ၁၅ မတိုင်မီနဲ့ နောက်ပိုင်းတို့မှာ ဖြစ်ပျက် ထားခဲ့တာပါ။ ဒီလို လူ့အခွင့်အရေး ကိစ္စတွေကို ဘယ်အုပ်စု ဒါမှမဟုတ် ဘယ်အစုအဖွဲ့တွေက ကျူးလွန်ထားသလဲ ဆိုတာရဲ့ အသေးစိတ်ကို အစီရင်ခံစာထဲမှာ ရှင်းလင်းထားပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“ဥပဒေစိုးမိုးရေးအပေါ် အလေးထားမှု မရှိတာအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေ ပြစ်ဒဏ်ခတ်မခံရတာတွေက ပုံမှန်လိုလို ဖြစ်နေပါတယ်။ ဩဂုတ် ၁၅ ရက်မတိုင်မီက အုပ်ချုပ်ခဲ့တဲ့ အစိုးရဟာ ဆိုရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် တာဝန်ရှိသူတွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို တစ်သမတ်တည်း ဒါမှမဟုတ် ထိထိရောက်ရောက် စုံစမ်းစစ်ဆေး ဒါမှမဟုတ် တရားစွဲဆိုခဲ့ခြင်း မရှိပါဘူး။ တာလီဘန်တွေကတော့ သူတို့ထိန်းချုပ်ပြီးနောက်ပိုင်း ‘မကောင်းတဲ့ စရိုက်ရှိသူတွေ’ ကို ခွဲခြားဖော်ထုတ်ပြီး သူတို့ရဲ့ ရာထူးတွေကနေ ထုတ်ပယ်ဖို့
ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly