ပါကစ္စတန်၏ အစိုးရကြွေးမြီ ရူပီး ၁၈ ထရီလီယံ ထပ်တိုးလာ

ပါကစ္စတန်၏ အစိုးရကြွေးမြီ ရူပီး ၁၈ ထရီလီယံ ထပ်တိုးလာ

ရာထူးဖြုတ်ချခံခဲ့ရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းအစိုးရသည် တာဝန်ယူသည့် သုံးနှစ်ခွဲကာလအတွင်း အစိုးရကြွေးမြီပိုင်းတွင် ရူပီး ၁၈ ထရီလီယံကျော် ထပ်တိုးစေခဲ့ပြီး ယင်းက ၇၅ နှစ်တာအတွင်း ယခင်အစိုးရများ၏ တာဝန်ယူမှု ကာလတစ်ခုချင်းစီအတွင်း တင်ခဲ့သည့် ကြွေးမြီဝန်ထုပ်ဝန်ပိုး ပမာဏများထက် ပိုများနေခြင်း ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ရလဒ်အနေဖြင့် ဖက်ဒရယ်အစိုးရ ကြွေးမြီပမာဏသည် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလအရောက်တွင် ရူပီး ၄၂ ဒသမ ၈ ထရီလီယံအထိ ခုန်တက်ခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်ခွဲအတွင်း ရူပီး ၁၈ ဒသမ ၁ ထရီလီယံ ထပ်တိုးလာခြင်း ဖြစ်ကြောင်း ပါကစ္စတန် ဗဟိုဘဏ် (SBP) ၏ ဧပြီ ၅ ရက်တွင် ထုတ်ပြန်သည့် လစဉ် ကြွေးမြီ အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ ပြိုင်ဘက် ပါတီများဖြစ်ကြသည့် ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်- နာဝက်ဇ် (PML-N) နှင့် ပါကစ္စတန် ပြည်သူ့ပါတီ (PPP) တို့သည် ၁၀ နှစ်တာအတွင်း အစိုးရကြွေးမြီပိုင်းတွင် ရူပီး ၁၈ ထရီလီယံနီးပါး ထပ်တိုးစေခဲ့သည်ဖြစ်ရာ ယင်းအမှတ်ကို ပါကစ္စတန် တေရက်-အီ-အင်ဆက် (PTI) ပါတီက ၃နှစ်ခွဲတာအတွင်း ဖြတ်ကျော်ထားခဲ့ခြင်းဖြစ်သည်။

ရူပီး ၄၂ ဒသမ ၈ ထရီလီယံ ဆိုသည့် ကိန်းဂဏန်းမှာ PTI အစိုးရ နောက်ဆုံးတာဝန်ယူသည့် လ ဖြစ်ခဲ့သည့် မတ်လတွင် ရရှိခဲ့သည့် ကြွေးမြီဆိုင်ရာ သီးခြားဖော်ပြချက်ဖြစ်သည်။ 

အီမရန် ခန်းသည် အတိုက်အခံပါတီများက တင်သည့် ၎င်းအပေါ် အယုံအကြည်မရှိ အဆို မဲခွဲမှုတွင် အရေးနိမ့်မည့် အရေးကနေ ရှောင်ရှားရန် လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ ရာထူးမှ ဖြုတ်ချခံခဲ့ရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly