အာဖဂန်နစ္စတန်နိုင်ငံတွင် ဗလီ၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၃၃ ဦး သေဆုံး 

အာဖဂန်နစ္စတန်နိုင်ငံတွင် ဗလီ၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၃၃ ဦး သေဆုံး 
Photo - AFP

ဧပြီ ၂၃

လူသေဆုံးသော သီးခြား တိုက်ခိုက်မှု နှစ်ရပ်ကို ဆင်နွှဲခဲ့ကြောင်း အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့က အတည်ပြုပြီး နောက်တစ်ရက်မှာပင် အာဖဂန်နစ္စတန်မြောက်ပိုင်း၌ သောကြာနေ့ ဝတ်ပြုနေရာ ဗလီတစ်ခုတွင် ဗုံးပေါက်ကွဲပြီး လူ ၃၃ ဦး သေဆုံးခဲ့သည်။ 

အမေရိကန်ထောက်ခံသော အစိုးရကို ဖြုတ်ချပြီး ပြီးခဲ့သည့်နှစ်၌ အာဖဂန်နစ္စတန်ကို တာလီဘန်တိုက်ခိုက်ရေးသမားများ ထိန်းချုပ်ချိန်မှစကာ ဗုံးခွဲမှု အရေအတွက် ကျဆင်းခဲ့သော်လည်း ဂျီဟတ်များနှင့် ဆွန်နီအိုင်အက်စ်တို့က မိစ္ဆာဒိဋ္ဌိ အဖြစ် ရှုမြင်သော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်လျက် ရှိနေသည်။ 

ရှီယိုက်ဧရိယာများတွင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဗလီတစ်ခုတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်အတူ ယခုသီတင်းပတ်အတွင်း နိုင်ငံအတွင်း၌ ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့သည်။ 

မြောက်ပိုင်း ကန်ဒုဇ်ပြည်နယ်ရှိ ဗလီအား သောကြာနေ့က ဖောက်ခွဲခြင်းတွင် သေဆုံးသူ ၃၃ ဦး၌ ကလေးများပါ ပါဝင်ကြောင်း တာလီဘန်အစိုးရ ပြောခွင့်ရသူ ဇာဘီဟူလက်ရှ် မူဂျာဟစ်က တွစ်တာတွင် ရေးသည်။ 

“ဒီ ရာဇဝတ်မှုကို ကျွန်တော်တို့ ရှုတ်ချတယ်၊ ဆွေမျိုးရင်းချာတွေ ဆုံးပါးသွားလို့ ကျန်ရစ်သူတွေကိုလည်း အလွန်စိတ်မကောင်းဖြစ်ရကြောင်း ပြောလိုပါတယ်”ဟု ၎င်းက ဆိုပြီး ဒဏ်ရာရသူ ၄၃ ဦး ရှိကြောင်း ဖြည့်စွက်ဆိုသည်။ 

ဗလီက ပေါက်ကွဲမှုသည် ဗုံးဖောက်ခွဲ၍ ဖြစ်ပြီး မည်သို့ ဖောက်ခွဲခဲ့သည်ကို မသိရသေးကြောင်း အမည်မဖော်သည့် ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပြည်နယ်မြောက်ပိုင်းက အထင်ကရဖြစ်သည့် မော်လဝီ ဆစ်ကန်ဒါ ဗလီ၏ နံရံများတွင် အပေါက်ကြီးများ ဖြစ်နေသည်ကို အေအက်ဖ်ပီသတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရသည်။ 

ဗလီ၏ တစ်ခုသော အပိုင်းသည် ပေါက်ကွဲမှုကြောင့် လုံးလုံး ပြိုကျပျက်စီးခဲ့သည်။ 

“ဗလီက မြင်ကွင်းကို ကြည့်ရတာ ထိတ်လန့်စရာပါပဲ၊ ဗလီထဲမှာ ဝတ်ပြုနေသူတွေ သေဆုံးကြသလို ဒဏ်ရာလည်းရကြတာ ဖြစ်တယ်”ဟု သေဆုံးဒဏ်ရာရသူများအား ခရိုင်ဆေးရုံသို့ ပို့ဆောင်ရာတွင် ကူညီပေးခဲ့သူ ဈေးသည်တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ 

“ကျွန်တော် ရုပ်အလောင်း ၂၀ ကနေ ၃၀ ကြား မြင်တွေ့ခဲ့ရတယ်”ဟု အခြား ဒေသခံတစ်ဦးကလည်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required