ပါကစ္စတန်တွင် နိုင်ငံခြားအရန်ငွေ လျော့ကျနေပြီး ပြည်ပသို့ကြွေးမြီ ဒေါ်လာ ၂ ဘီလီယံကျော် ပြန်ဆပ်ရမည်

By The News International
21 April 2022
ပါကစ္စတန်တွင် နိုင်ငံခြားအရန်ငွေ လျော့ကျနေပြီး ပြည်ပသို့ကြွေးမြီ ဒေါ်လာ ၂ ဘီလီယံကျော် ပြန်ဆပ်ရမည်

ပါကစ္စတန်တွင် နိုင်ငံခြားအရန်ငွေ လျော့ကျလာနေပြီး ၂၀၂၁-၂၂ လက်ရှိ ဘဏ္ဍာနှစ်၏ ဧပြီ-ဇွန် ၃လပတ်အတွင်း ငွေရင်းနှင့်အတိုး ပြန်ဆပ်ရမည့် ဝတ္တရားများအရ ကြွေးမြီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကို ပြည်ပသို့ ပြန်ဆပ်သွားရမည် ဖြစ်သည်။

ပါကစ္စတန် စီးပွားရေး ဝန်ကြီးဌာန၏ စီးပွားရေးရာ ဌာနကြီး (EAD) က ခန့်မှန်းထားသည့် ပြန်ဆပ်ရမည့် ပြည်ပကြွေးမြီပမာဏဖြစ်သည့် ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံအနက် ပါကစ္စတန်သည် လက်ရှိအချိန်အထိ လက်ရှိ ဘဏ္ဍာနှစ်၏ ပထမ ၉ လတာ (ဇူလိုင်-မတ်) ကာလအတွင်း ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၀ ဘီလီယံကို ပေးဆပ်ထားပြီးဖြစ်သည်။

ပြည်ပကြွေးမြီ ပြန်ဆပ်ရမှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံအနက် ငွေရင်းပမာဏက ဒေါ်လာ ၁၀ ဒသမ ၄ ဘီလီယံ ဖြစ်ပြီး အတိုး ပမာဏက ဒေါ်လာ ၂ ဘီလီယံ ဖြစ်သည်။

ပါကစ္စတန်အစိုးရသည် လက်ရှိ ဘဏ္ဍာနှစ်၏ ပထမ ခုနစ်လ (ဇူလိုင်-ဇန်နဝါရီ) တွင် ကြွေးမြီ ပြန်ဆပ်မှုအဖြစ် ဒေါ်လာ ၆ ဘီလီယံကို ပေးချေထားရပြီးဖြစ်သည်။ ကျန်ရှိသည့် ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံကို လက်ကျန် ငါးလတွင် ပြန်ဆပ်သွားရန် လိုအပ်သည်။ ပြီးခဲ့သည့် လများအတွင်း ပါကစ္စတန်အစိုးရသည် အဓိကပမာဏ တစ်ရပ်ဖြစ်သည့် ဒေါ်လာ ၄ ဘီလီယံကို ပြန်ဆပ်ထားခဲ့ရသည် ဖြစ်ရာ ယင်းနောက် ဗဟိုဘဏ်က ထိန်းသိမ်းထား သည့် အရန်နိုင်ငံခြားသုံးငွေ ပမာဏက သိသိသာသာ လျော့ကျခဲ့သည်။

နိုင်ငံခြားအရန် ငွေများ မြန်ဆန်စွာ လျော့ကျနေခြင်းကြောင့် ပါကစ္စတန် ဗဟိုဘဏ်သည် ယခုနောက်ဆုံးတွင် ရှေ့တိုးလုပ်ဆောင်ခဲ့ပြီး ဧပြီ ၇ ရက်က ပြုလုပ်ခဲ့သည့် ငွေကြေးဆိုင်ရာ မူဝါဒကော်မတီ အရေးပေါ်အစည်းအဝေး၌ အတိုးနှုန်းကို အခြေခံအမှတ် ၂၅၀ ဖြင့် ၁၂ ဒသမ ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly