အာဖဂန်နစ္စတန်တွင် ဖွံ့ဖြိုးမှု စီမံကိန်းများ ဖော်ဆောင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် တာလီဘန်တို့ မျှော်လင့်

အာဖဂန်နစ္စတန်တွင် ဖွံ့ဖြိုးမှု စီမံကိန်းများ ဖော်ဆောင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် တာလီဘန်တို့ မျှော်လင့်

အာဖဂန်နစ္စတန်နိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်မှုနှုန်းကို လျော့ကျစေရန် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တာလီဘန်ထိန်းချုပ်သည့် အာဖဂန်နစ္စတန်၏ အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးဌာနက ဧပြီ ၁၄ ရက်တွင် ပြောသည်။

တာ့ခ်မင်နစ္စတန်-အာဖဂန်နစ္စတန်-ပါကစ္စတန်-အိန္ဒိယ (TAPI) ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါအဝင် စီမံကိန်းများကနေတဆင့် နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရင်း အလုပ်လက်မဲ့ဖြစ်မှုနှုန်းကို လျှော့ချရန် အားထုတ်နေခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

TAPI နှင့် Qush Tepae တူးမြောင်း စီမံကိန်းများ အပါအဝင် စီမံကိန်းများကနေတဆင့် အလုပ်အကိုင် ခန့်ထားမှု အခွင့်အလမ်းများကို ဖန်တီးမည်ဖြစ်ကြောင်း အလုပ်သမားနှင့် လူမှုရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး မော်လာဗီ မက်ခ်ဒွန်း အဗ္ဗဒူလ် ဆယ်လမ် ဆက်ဒက်က ဝန်ကြီးဌာန ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည့် အစည်းအဝေးတစ်ခုတွင် ပြောကြောင်း Ariana News က ဖော်ပြသည်။

“အလုပ်လက်မဲ့ဖြစ်မှုနှုန်းကို လျှော့ချနိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးနိုင်အောင် ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဆောင်နေပါတယ်။ အလုပ်အကိုင်ခန့်ထားမှု အခွင့်အလမ်းတွေ ဖန်တီးဖို့အတွက် ရိုးရိုးသားသား ကြိုးစားကြဖို့ကိုလည်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးတွေကို ကျွန်တော် ညွှန်ကြားပါတယ်” ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း Ariana News က ဖော်ပြသည်။

အာဖဂန်တွင် ယမန်နှစ် ဩဂုတ်လက နိုင်ငံခြားတပ်ဖွဲ့များ ထွက်ခွာသွားပြီး အစိုးရဟောင်း ပြုတ်ကျ သွားပြီးနောက် အလုပ်လက်မဲ့နှုန်းများစွာ မြင့်တက်ခဲ့သည်။

တာလီဘန်တို့ ထိန်းချုပ်ခဲ့ခြင်းကြောင့် နိုင်ငံရေးအကျပ်အတည်းတစ်ခုကို ဖြစ်စေရုံတင်မကဘဲ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်လက်မဲ့ဖြစ်မှုပိုင်းတွင် မသေချာမရေရာမှုများကို ဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly