ဈေးပေါသော ရုရှားစွမ်းအင်ကို တရုတ်က မျက်စိကျနေ

ဈေးပေါသော ရုရှားစွမ်းအင်ကို တရုတ်က မျက်စိကျနေ

တရုတ်နိုင်ငံ၏ ထိပ်တန်းသဘာဝဓာတ်ငွေ့ရည် တင်သွင်းသူများသည် စျေးပေါမှုကိုအခွင့်ကောင်းယူ၍ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ခံထားရသော ရုရှားနိုင်ငံထံမှ နောက်ထပ်တင်ပို့ရောင်းချမှုများကို ဝယ်ယူရန် ကြိုးပမ်းနေကြောင်း Bloomberg က ဧပြီ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

ယခုနှစ်နွေရာသီတွင် ဈေးနှုန်းများ ပြန်မတက်မီ သိုလှောင်ကန်များကို ဖြည့်ဆည်းရန် ရည်ရွယ်၍ ဝယ်ယူမှုများတိုးလာသည်ဟု ဆိုသည်။

တရုတ်အစိုးရပိုင် Sinopec နှင့် PetroChina ကုမ္ပဏီတို့သည်လည်း ဆွေးနွေးမှုများတွင် ပါဝင်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ တင်သွင်းသူအချို့သည် ၎င်းတို့၏ဝယ်ယူရေးအစီအစဉ်များကို ပြည်ပအစိုးရများမသိစေရန် LNG ဝယ်ယူရေးတင်ဒါများတွင် ၎င်းတို့ကိုယ်စား ရုရှားကုမ္ပဏီများကို အသုံးချရန် စဉ်းစားနေကြသည်ဟု ဆိုသည်။

ယူကရိန်းပဋိပက္ခအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံအချို့က ရုရှားစွမ်းအင် တင်သွင်းမှုကို ပိတ်ပင်လိုက်သောကြောင့် ယခုကဲ့သို့ ဝယ်ယူမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရုရှား LNG သည် စျေးကွက်တွင် မြောက်အာရှသို့ ပုံမှန်တင်ပို့ရောင်းချရာတွင် ၁၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်ဟု ကုန်သည်များက ပြောသည်။

တရုတ်၏ ရေနံသန့်စင်စက်ရုံများသည် စျေးပေါသော ရုရှားရေနံစိမ်းကို သီးခြား ဝယ်ယူနေခဲ့ပြီး ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်းကလည်း တင်ပို့မှုအများအပြားကို ဝယ်ယူခဲ့ကြောင်း ကုန်သည်များက Bloomberg သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly