ရုရှ ရေနံတင်သွင်းမှု ယခုနှစ်ကုန်တွင် ပိတ်ပင်သွားမည်ဟု ဂျာမနီ ပြော

ရုရှ ရေနံတင်သွင်းမှု ယခုနှစ်ကုန်တွင် ပိတ်ပင်သွားမည်ဟု ဂျာမနီ ပြော
Photo - Sky News

ဧပြီလ ၂၁ ရက်

ရုရှကနေ ဂျာမနီနိုင်ငံထံ ရေနံတင်သွင်းမှုကို ယခုနှစ်ကုန်တွင် ရပ်တန့်သွားမည် ဖြစ်ကြောင်း ဂျာမနီက ပြောသည်။

ဂျာမနီအနေဖြင့် ရုရှထံမှ စွမ်းအင် တင်သွင်းမှုများကို “တစ်စတစ်စ လျှော့ချ ရုပ်သိမ်း” နေသည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်နယ်လီနာ ဘဲဘော့ခ်က ပြောသည်။

“ရေနံ တင်သွင်းမှုတွေကို နွေရာသီထက်နောက်မကျဘဲ ကျွန်မတို့ ထက်ဝက် လျှော့ချမှာ ဖြစ်ပြီး နှစ်ကုန်ကျရင်တော့ လုံးဝ ရပ်ဆိုင်းသွားပါမယ်။ နောက်ပြီး ဓာတ်ငွေ့ကိုလည်း အဲဒီအတိုင်း လုပ်သွားပါမယ်”  ဟု ဘဲဘော့ခ်က ဘောလ်တစ် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက်  ပြောသည်။

ဂျာမနီသည် လက်ရှိတွင် ယင်း၏ ရေနံလိုအပ်ချက်၏ လေးပုံ တစ်ပုံနှင့် ဓာတ်ငွေ့လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းခန့်ကို ရုရှထံမှ ဝယ်ယူသည်။

ရုရှ၏ ရေနံနှင့် ဓာတ်ငွေ့အပေါ် ကုန်သွယ်မှု ပိတ်ပင်မိန့် အမြန် ချမှတ်ရေး အီးယူထံ တောင်းဆိုမှုများကို ဂျာမနီက ကနဦးတွင် အတိုက်အခံလုပ်ထားခဲ့သည်။ အကယ်၍ ဖြည့်ဆည်းထောက်ပံ့မှုများ ရုတ်ခြည်း ရပ်တန့်သွားပါက စီးပွားရေး ကျဆင်းမှုတစ်ခု ဖြစ်နိုင်သည်ဟု သတိပေးခဲ့သည်။

အမေရိကန်သည် ရုရှ ရေနံတင်သွင်းမှုများကို ပိတ်ပင်ထားပြီး ဖြစ်သလို ယူကေကလည်း ယင်းအနေဖြင့် ၂၀၂၂ နှစ်ကုန်တွင် ရုရှ ရေနံတင်သွင်းမှုများကို အဆင့်ဆင့် ရုပ်သိမ်း ရပ်ဆိုင်းသွားမည်ဟု ပြောထားသည်။

ရုရှ စွမ်းအင် တင်သွင်းမှု အားလုံးအပေါ် ကုန်သွယ်မှု ပိတ်ပင်ချက် ချမှတ်ရေး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြီးခဲ့သည့် ကာလအတွင်းကတည်းက တောင်းဆိုထားပြီး ယင်း တင်သွင်းမှုများက ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုကို ငွေကြေးထောက်ပံ့ပေးနေသလိုဖြစ်နေကြောင်း ၎င်းက ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly