“ ကျွန်တော် အင်တာဗျူးသမား”

“ ကျွန်တော် အင်တာဗျူးသမား”

ကိုမျိုးသန့်ရေ အခုချိန်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းမှုကို စောင့်ကြည့်နေကြရတဲ့ အချိန်ပဲဗျနော။ နည်းပညာတွေ ခေတ်မီလာတော့ အဲလို နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ အဖြစ်အပျက်တွေ ကို စောင့်ကြည့်ရတာကလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဥပမာ လွှတ်တော်တွင်း အစည်းအ ဝေးတွေကို လွှတ်တော် ချယ်နယ်ကနေ တိုက်ရိုက် ကြည့်လို့ ရနေတာမျိုး အပါအဝင်ပေါ့။ ဒါနဲ့ စကားမစပ် ဒီတစ်ပါတ် ကျွန်တော် အင်တာဗျူး သွားလုပ်တဲ့ အတွေ့အကြုံတစ်ခုကို ဖေါက်သည် ချချင်ပါတယ်ဗျာ။

ဒီလို၊ ကျွန်တော့် သတင်းသမား သက်တန်းတစ်လျောက်မှာ နိုင်ငံရေးသမားတွေ စီးပွားရေး သမားတွေနဲ့ အခြားသူတွေကို အင်တာဗျူး သွားလုပ်ရတာ ဆန်းတော့ မဆန်းပါဘူး။ လူလည်း အတော့်ကို များပါပြီ။ အင်တာဗျူးသွားတယ် ဆိုတော့ အဓိက ကတော့ အများပြည်သူ သိချင်တာ တွေကို ကိုယ်က သွားမေးပေးဖို့ပဲပေါ့။ ဒါပေမယ့် မပြောချင်သူကို ပြောချင်လာအောင်၊ ဖုံးကွယ်ထား တာတွေ ရှိရင်လည်း ပေါ်လာအောင် လုပ်ရတာမျိုးလည်း ရှိသပေါ့။ အင်တာဗျူး လက်ခံတဲ့သူတွေထဲ မှာလည်း အမျိုးမျိုး အဖုံဖုံပါပဲ။ စကားကို အေးအေးဆေးဆေး ပြောတဲ့သူရှိသလို၊ ဒေါနဲ့ မောနဲ့ ပြောတဲ့သူလည်း ရှိရဲ့။ တစ်ခွန်းမေးမှ တစ်လုံးလောက် ဖြေတဲ့သူ ရှိသလို၊ တစ်ခွန်းမေးလိုက်တာနဲ့ ကရားရေလွှတ်သလို ၁ဝ မျက်နှာစာလောက် တောက်လျောက် ပြောသူလည်း ရှိရဲ့။ စုံလို့ပါပဲ။ ဘယ်လိုပဲ ဖြစ်နေနေ ကျွန်တော် ခံယူထားတာကတော့ ကျွန်တော့ ဂျူတီဟာ အဲဒီလူတွေဆီကနေ ပြည်သူတွေ သိချင်တဲ့ အကြောင်းအရာ အချက်အလက်တွေ၊ သဘောထား အမြင်တွေ ပြောလာရေး အဓိက ပါပဲ။ ကျန်တာ ဘာမှ အရေးမကြီးပါဘူး။ အင်တာဗျူးသွားလုပ်တဲ့ ကျွန်တော့်အပေါ် ဘယ်လိုပဲ ပြုမူ ဆက်ဆံ ဆက်ဆံ အရေးကြီးတယ်လို့ မထင်ပါဘူး။

ဒီလိုနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက်ကို သွားပြီး အင်တာဗျူး လုပ်ပါတယ်။ အဓိက ကျတဲ့၊ မေးခွန်းနဲ့ ပါတ်သက်ပြီး မဖြေပါဘူး။ အဆင်ပြေပါတယ်။ ဒါကို ကျွန်တော် က အခြားသော နည်းနဲ့ မေးပါတယ်။ မဖြေပါဘူး။ အဲ နောက်တော့ ကျွန်တော့်အနေနဲ့ အဲလို မေးခွန်း မျိုး မမေးသင့်ကြောင်း ပြောပါတယ်။ ဆိုတော့ ကောင်းပါပြီ။ ကျွန်တော် ခေါင်းစဉ် ပြောင်းမေးပါတယ်။ အကြောင်းအရာ ပြောင်းမေးပါတယ်။ ဒီအခါလည်း မေးခွန်းကိုက အနှုတ်လက္ခဏာ ဆောင်တဲ့ မေးခွန်း၊ မမေးသင့်တဲ့ မေးခွန်း ဆိုပြီး ပြောပါတယ်။ အဆင်ပြေပါတယ်။

နောက်တော့ ကဲ ဒီလိုဆို သူက ပြန်မေးမယ်၊ ဖြေပါဆိုပြီး လုပ်ပါတယ်။ ဟုတ်ကဲ့ပါပေါ့။ တိုင်းရင်းသား အရေးကို ဘယ်လောက် သိသလဲ၊ ဘယ်လောက် နားလည်သလဲတဲ့။ အဲ ခက်သွား တယ်။ ဖြေပါ ဖြေပါ၊ အဲဒါတွေပါ ထည့်ရမယ်ဆိုတော့ ခက်တာပေါ့။ ဒါနဲ့ ကျွန်တော်လည်း ကောင်းကောင်းမွန်မွန် ပြန်ဖြေရတာပေါ့။ ကျွန်တော် တိုင်းရင်းသားတွေနဲ့ အတူ တောထဲမှာ (၁ဝ) နှစ်လောက် လက်နက်ကိုင် လာပါတယ်လို့။ အဲ သူပြန်ပြောတာက ဒါတောင် ဒီလိုမေးခွန်း မေးရသလားတဲ့။ ဟုတ်ကဲ့ပါပေါ့။

ကိုမျိုးသန့်ရေ

နောက်တော့ ဆက်ပြီးတော့ ပင်လုံစာချုပ် သိသလားတဲ့။ ပင်လုံ ကတိကဝတ်ဆိုတာ ကြားဖူး သလားတဲ့။ ဘာတွေ ထည့်ချုပ်ထားတယ် ဆိုတာ သိသလားတဲ့။ ဟုတ်ကဲ့ပါပေါ့။ ကျွန်တော်က သိသ လောက်ပြော။ နောက်တော့ ကဲ ဒါဆို တို့ လူမျိုးရဲ့ တော်လှန်ရေး သမိုင်းကြောင်း သိသလားတဲ့။ ဟုတ်ကဲ့ပါပေါ့။ အဲ နောက်ဆုံးတော့ အဲဒီ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကိစ္စ၊ ဘာကြောင့် လက်နက်ပြန်ကိုင်ရသလဲ ဆိုတဲ့ ကိစ္စတွေကို အကြာကြီး ရှင်းပြတော့တာပဲ။ ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ အချက်အလက်တွေ အများကြီး သိရလို့ပေါ့။

ဒီလိုနဲ့ ပြန်ကာနီးတော့ မေးရတယ်။ အင်တာဗျူးထဲမှာ စောစောတုန်းက ကျွန်တော့်ကို မေးခဲ့ တာတွေ၊ ဖြေ၊ ဖြေ အဲ အပိုင်း ဖော်ပြရမယ် ဆိုတဲ့ဟာတွေ အားလုံး ဖော်ပြပေးရမှာလား ပေါ့။ အဲ ဒါတော့ မထည့်နဲ့လို့ ပြန်ပြင်ပြောသဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ကံကောင်းပါတယ်။ ပြန်ကာနီး သူ့ဆီမှာ တစ်ခါတည်း ခွင့်တောင်းခဲ့တယ်။ အန်ကယ် ပြောတာတွေကို ကျွန်တော် နှစ်ပိုင်း ခွဲလိုက် မယ်။ တစ်ပိုင်းကတော့ အင်တာဗျူးပေါ့။ အမေးလေးနဲ့ အဖြေလေးနဲ့။ ကျန်တစ်ပိုင်းကတော့ အန်ကယ် သေခြာ ပြောပြ ရှင်းပြတာ များနေတော့ အဲဒါကို ဆောင်းပါး ပုံစံ အန်ကယ့်နာမည်နဲ့ သီးသန့် သပ်သပ် ဖော်ပြရင် ဖြစ်မလား ဆိုတော့ ဖြစ်တယ်။ ဖော်ပြပါတဲ့။ အဲတော့ ကံကောင်းချင်တော့ အင်တာဗျူး သွားလုပ်တာ၊ အင်တာဗျူးလည်းရ၊ ဆောင်းပါးလည်း တစ်ပုဒ်ရ၊ လူတစ်မျိုးကိုလည်း တွေ့လိုက်ရတော့ ပျော်တာပါပဲဗျား။ ကျွန်တော်က အဲလိုပါပဲ။ အင်တာဗျူး သွားခွင့်တောင်း၊ နင်ပဲ ငဆ ပြောပြီး ဆဲလွှတ် ရင်လည်း ပျော်နေတာပါပဲ။ စိတ်ထဲမှာတော့ အမြဲပဲ တွေးထားပါတယ်။ တစ်နေ့ ဘယ်သူဖြစ်ဖြစ် ကျွန်တော် အင်တာဗျူးတောင်းရင် လက်ခံကို လက်ခံရမယ်။ ဒီအတွက် သူတို့ အမြင်မှာ ကျွန်တော် ဟာ မျှမျှတတ မှန်မှန်ကန်ကန် ရဲရဲရင့်ရင့် ဖော်ပြတဲ့ သတင်းသမားဆိုတာ လက်ခံနေအောင်၊ ကျွန်တော်နဲ့ တွေ့ဖို့လိုတယ်ဆိုတာ သူတို့ နားလည်လာအောင် ကြိုးစားရမယ် ဆိုပြီးတော့ပေါ့ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly