လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး နိုင်ငံအတွက် အသက်သွေးကြောဖြစ်

လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး နိုင်ငံအတွက် အသက်သွေးကြောဖြစ်
၀၁၅ ခုှစ် ဂျွန်လ ၁၉ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ လယ်သမားများအားတွေရစဉ်။ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

မြန်မာနိုင်ငံ၏ ကျေးလက်နေ ပြည်သူအရေအတွက်သည် နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ယုံကြည်ထားကြပါသည်။ သည်အရေအတွက် အချိုးအစားအရ ပြောဆိုရလျင်   ကျေးလက်   ပြည်သူဆိုသည်မှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းကြသူများဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်းကဏ္ဍသည် တိုင်းပြည်၏ အခြားသော လုပ်ငန်းကဏ္ဍများထက် ပိုမိုကျယ်ဝန်းပြီး ပိုမို အရေးအရေးပါသည့် ကဏ္ဍဖြစ်ကြောင်း အခိုင်အမာ ပြောလို့ရပါသည်။

သို့သော် မိမိတို့နိုင်ငံ၏ လယ်ယာကဏ္ဍအခြေအနေမှာ ဆိုးရွားစွာ ကျဆင်းနေသည်ကို တွေ့နေ ရပါသည်။ အဘယ်မျှ ကျဆင်းနေသည် အဘယ့်ကြောင့် ကျဆင်းရသည် မည်သူတို့တွင် တာဝန်အ ရှိဆုံးဖြစ်သည်နှင့် မည်ကဲ့သို့ ပြန်လည် ခေါင်းမော့လာအောင် လုပ်ရမည်ဟူသည့် အကြောင်းအရာ များမှာ ကျယ်ပြန့်လွန်းသည့်အတွက် သည်နေရာတွင် ပြည့်စုံအောင် ဆွေးနွေးနိုင်မည် မဟုတ်သော် ငြားလည်း မနေ့တနေ့ကမှ စာနယ်ဇင်းတစ်ခုတွင်ဖေါ်ပြသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ၏ ထုတ်ဖေါ်ပြောဆိုချက်အပေါ် မူတည်၍မူ အနည်းငယ် ဆွေးနွေးတင်ပြဖို့ လိုအပ်လာခဲ့ပါသည်။

မိမိတို့နိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းကို ထူထောင်ဖွဲ့စည်းခဲ့စဉ်က အဖွဲ့ဝင်ကုမ္ပဏီ ပေါင်း ၂၁၇ ခု ရှိခဲ့ပါသည်။ ပုဂ္ဂလိက အသင်းဝင်ပေါင်း ၁၆၀၀၀ ကျော် ရှိခဲ့သည်။ သို့သော် လက်ရှိ ကာလတွင်မူ ကုမ္ပဏီပေါင်း ၁၄၁ ခုနှင့် အသင်းဝင် ၂၀၀ ကျော်သာ ရှိတော့သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းဥက္ကဌက ထုတ်ဖေါ်ပြောဆိုသွားခဲ့ပါသည်။ သည်လို ရုတ်ဆင်းပျက်လောက်အောင် ကျဆင်းသွားသည့်အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း၏ အခြေအနေမှာ စိုးရိမ်ဖွယ်ကောင်း လောက်အောင် ယိမ်းယိုင်လာနေသည့်သဘော ပြောလို့ရပါသည်။

လယ်ယာကဏ္ဍတစ်ခုလုံး၏ အသက်မှာ လယ်သမားများ၏ လယ်ယာထုတ်လုပ်မှု အခြေအနေ အပေါ်တွင် မူတည်ပါသည်။ လယ်သမားများ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတက်မှုအခြေအနေနှင့် ဆန်ထွက် ရှိမှု အခြေအနေအပေါ် မူတည်ကာ အခြားကဏ္ဍများလည်း ဆက်စပ် လည်ပတ်ရသည့်သဘော ဖြစ်သည်။ အကယ်၍ လယ်သမားများက လယ်ယာလုပ်ငန်း ထိရောက်အောင်မြင်အောင် မဆောင် ရွက်နိိုင်သဖြင့် ဆန်ထွက်ရှိမှု ထိခိုက်မည်ဆိုလျင် အခြား ဆက်စပ်ကဏ္ဍများသည်လည်း ကျဆင်း ကုန်ကြရမည်သာ ဖြစ်သည်။

မိမိတို့နိုင်ငံတွင် လယ်သမားလူတန်းစား၏ ယနေ့အခြေအနေမှာ အားရဖွယ် မရှိလှပါ။ အထူးသဖြင့် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသည့် လယ်သမားအရေအတွက်မှာ သိသာလွန်းစွာ ယုတ်လျော့ကျဆင်းနေသည်မှာ ဖုံးဖိလို့မရနိုင်အောင်ပင် အထင်အရှားဖြစ်လာခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လယ်ယာလုပ်ငန်းသည် ကျေးလက်နေပြည်သူတို့ကို အာမခံချက် မပေးနိုင်တော့သည့်သဘော ဖြစ်လာခဲ့ပါသည်။ တချို့သောပြည်နယ်များတွင်ဆိုလျင် လယ်လုပ်မည့် သူ မရှိသလောက်ဖြစ်အောင် အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေဆီ လူတွေ ပြောင်းရွှေ့ ကုန်ကြသဖြင့် လယ်လုပ်ချိန် အခက်အခဲဖြစ်လာကြရသည်များပင် ရှိလာခဲ့ပါသည်။

သည်ကြားထဲ လယ်ယာမြေပြဿများကလည်း လယ်သမားများ၏ စိတ်ဓါတ်ကို ဖိစီးစေပြန် သည်။ မိမိတို့နိုင်ငံ လယ်ယာနှင့်ပတ်သက်သည့် မူဝါဒများ မှားယွင်း ချို့ယွင်းခြင်း၊ လယ်ယာမြေများ သိမ်းဆီးခံရခြင်းနှင့် သမရိုးကျ လယ်ယာလုပ်ငန်းကို ခေတ်မီလယ်ယာလုပ်ငန်းအဖြစ် တွန်းမတင် နိုင်ခြင်းကြောင့် လယ်ယာကဏ္ဍမှာ အလွန်အမင်း ကျဆင်းလာရခြင်းပင်ဖြစ်သည်။

လယ်ယာကဏ္ဍ၏ လက်ရှိအနေအခြေအနေမှာ အနာဂတ်မြန်မာနိုင်ငံ၏စီးပွားရေးကို မကြာ တော့သော အခြေအနေတွင် ကြီးမားစွာ စကားပြောလာတော့မည့်သဘော သက်ရောက်နေပြီဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် လယ်ယာပြဿနာကို ထိရောက်မှန်ကန်စွာ မဖြေရှင်းနိုင်သရွေ့ တိုင်းပြည့်စီးပွားရေးမှာ ဆုတ်ယုတ်နေဦးမည်သာဖြစ်သည်။

ထို့ကြောင့် တိုင်းပြည်၏ အသက်သွေးကြော လုပ်ငန်းတစ်ခုဖြစ်သည့် လယ်ယာကဏ္ဍကို တာဝန်ရှိသူများအပါအဝင် ပြည်သူအားလုံး အင်နှင့်အားနှင့် ကိုင်တွယ်ဖြေရှင်းသွားကြရန် အရေးကြီး ကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly