ကမ္ဘာ့အကောင်းဆုံးဟု ပူတင် ပြောသော နျူကလီးယား တင်ဆောင်စွမ်းသည့် ဒုံးကျည်ကို ရုရှ စမ်းသပ်ပစ်လွှတ် 

ကမ္ဘာ့အကောင်းဆုံးဟု ပူတင် ပြောသော နျူကလီးယား တင်ဆောင်စွမ်းသည့် ဒုံးကျည်ကို ရုရှ စမ်းသပ်ပစ်လွှတ် 

ဧပြီ ၂၁

ယူကရိန်းအား ကျူးကျော်တိုက်ခိုက်သည့် နှစ်လကြာလာသည့်အချိန် အင်အားပြသသည့် အနေဖြင့် ရုရှနိုင်ငံသည် နျူကလီးယား တင်ဆောင်စွမ်းသော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ရုရှ၏ ရန်သူများကို ရပ်တန့်စေပြီး တွေဝေသွားစေလိမ့်မည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။ 

ရေရှည်စောင့်ဆိုင်းနေရသော Sarmat ဒုံးကျည်ကို ရုရှအနောက်မြောက်ပိုင်း ပလက်ဆစ်အရပ်မှ ပထမဆုံးအဖြစ် ပစ်လွှတ်ရာ ကီလိုမီတာ ၆၀၀၀ (မိုင် ၃၇၀၀) နီးပါးအကွာ ကမ်ချက်ကာကျွန်းစုက ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ရုပ်မြင်သံကြားတွင် စစ်တပ်ခြံရံလျက် ပူတင်က ပြောဆိုခြင်းဖြစ်သည်။ 

နှစ်များစွာ တီထွင်ထုတ်လုပ်ထားသော Sarmat ဒုံးကျည် စမ်းသပ်မှုက အနောက်အုပ်စုကို မအံ့ဩစေသော်လည်း ပထဝီနိုင်ငံရေး အလွန်တင်းမာနေသောအချိန်၌ စမ်းသပ်ပစ်လွှတ်လာခြင်းပဲ ဖြစ်သည်။ ရုရှနိုင်ငံသည် ဖေဖော်ဝါရီ ၂၄ ရက်၌ ယူကရိန်းသို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ချိန်မှစပြီး လက်ရှိအထိ မည်သည့် မြို့ကြီးကိုမျှ သိမ်းပိုက်နိုင်သေးခြင်း မရှိပေ။ 

ထင်မြင်ချက်ပေးရန်အတွက် ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနသို့ ချက်ချင်း ဆက်သွယ်၍ မရသေးပေ။ 

“အခု ဒုံးကျည်သစ်ဟာ အမြင့်ဆုံး ဗျူဟာမြောက် လက်နက်ဖြစ်သလို နည်းပညာလည်း တမူထူးခြားတဲ့ ဒုံးကျည်ပါ၊ လက်ရှိခေတ် ဒုံးကျည်ကာကွယ်ရေးစနစ်တိုင်းကို ကျော်လွှားနိုင်စွမ်းတယ်၊ ကမ္ဘာမှာ ဒီ ဒုံးကျည်နဲ့ ဆင်တူတာ မရှိဘူး”ဟု ပူတင်က ဆိုသည်။ 

“တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ဒီ လက်နက်ဟာ ကျွန်တော်တို့ လက်နက်ကိုင်တပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အားကောင်းစေလိမ့်မယ်၊ ပြင်ပက ခြိမ်းခြောက်မှုတွေကနေ ရုရှနိုင်ငံကို ကာကွယ်ရေးမှာ လုံခြုံစိတ်ချရစေလိမ့်မယ်”ဟု ၎င်းက ပြောသည်။ 

လွန်ခဲ့သော သီတင်းပတ် ရှစ်ပတ်က ယူကရိန်းအား ကျူးကျော်စစ် ကြေညာချိန်တွင် ပူတင်သည် ရုရှ၏ နျူကလီးယားအင်အားကို ရည်ညွှန်းပြောဆိုသကဲ့သို့ ဝင်ရောက်စွပ်ဖက်ရန် ကြိုးစားလျှင် “သမိုင်း၌ ကြုံတွေ့ဖူးမည်မဟုတ်သော အကျိုးဆက်မျာနှင့် ရင်ဆိုင်ရမည်”ဟု အနောက်အုပ်စုအား သတိပေးခဲ့ခြင်း ဖြစ်သည်။ 

ယင်းနောက် ရက်အတန်ကြာ၌ ပူတင်သည် ရုရှ၏ နျူကလီးယားတပ်ဖွဲ့အား တပ်လှန့်အသင့် ရှိရန် အမိန့်ထုတ်ခဲ့သည်။ “တစ်ချိန်က တွေးပင် မတွေးဝံ့တဲ့ နျူကလီးယား ထိပ်တိုက်တွေ့မှု အလားအလာဟာ ဖြစ်နိုင်ခြေရှိတဲ့ အဝန်းအဝိုင်းထဲ ရောက်ရှိလာပြီ ဖြစ်တယ်”ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ပြီးခဲ့သည့်လတွင် ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly