ပါကစ္စတန်ဝန်ကြီးချုပ်သစ် ရှာဘတ်ဇ် ရှာရစ်အတွက် တည်ငြိမ်သော အစိုးဖွဲ့ရန် ခက်ခဲနိုင်ဟု ကျွမ်းကျင်သူတစ်ဦး သုံးသပ်

By The Print
18 April 2022
ပါကစ္စတန်ဝန်ကြီးချုပ်သစ် ရှာဘတ်ဇ် ရှာရစ်အတွက် တည်ငြိမ်သော အစိုးဖွဲ့ရန် ခက်ခဲနိုင်ဟု ကျွမ်းကျင်သူတစ်ဦး သုံးသပ်

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ဖြစ်လာသည့် ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ဥက္ကဋ္ဌ ရှာဘတ်ဇ် ရှာရစ် အနေဖြင့် နိုင်ငံတွင် ညွန့်ပေါင်းအစိုးရသစ်တစ်ရပ်ကို ဦးဆောင်ရင်း ခက်ခဲသည့် အချိန်တစ်ခုနှင့် ရင်ဆိုင် ရလိမ့်မည် ဖြစ်သလို ရာထူးသက်တမ်း ပြီးမြောက်အောင် ထမ်းဆောင်နိုင်ဖွယ်ရာ မရှိကြောင်း နိုင်ငံခြားရေးရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် ဆူရှန့် ဆာရင်းက ဧပြီ ၁၀ ရက်တွင် သုံးသပ်ပြောဆို လိုက်သည်။

“ဒါက ခက်ခဲပါတယ်။ သူဟာ လအနည်းငယ်ကြာလောက်တော့ တည်ငြိမ်မှုကို ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ မဟာမိတ်အဖွဲ့ စုဖွဲ့ခဲ့တဲ့ လမ်းကြောင်းမှာ အကြောင်းရင်း အများအပြား ရှိပါတယ်။ အဓိက အချက်ကတော့ အီမရန် ခန်းကို ဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှားခဲ့တာနဲ့ အီမရန် ခန်း လက်ထက် လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဥပဒေ အပြောင်းအလဲတွေ ဖြစ်ပါတယ်” ဟု ဆာရင်းက အေအင်န်အိုင် သတင်းဌာနကို ပြောသည်။

ပါတီစုံ ညွန့်ပေါင်းအဖွဲ့များ ဒါဇင်နဲ့ချီ ရှိနေခြင်းနှင့် နိုင်ငံ၏ စီးပွားရေး ပြဿနာများကြောင့် လအနည်းငယ်အကြာတွင် ရှာဘတ်ဇ်အနေဖြင့် အိမ်စောင့်အစိုးရတစ်ရပ်ဆီ အာဏာလွှဲပေးရကောင်း ရနိုင်ပြီး ယင်းနောက် ရွေးကောက်ပွဲများဆီ သွားရနိုင်သည်ဟု အဆိုပါ ကျွမ်းကျင်သူက ယုံကြည်နေသည်။

“အမျိုးသားလွှတ်တော် သက်တမ်းက လာမယ့် ဩဂုတ်လအထိ တရားဝင်ပါလိမ့်မယ်။ ပါတီ ၁၂ ခုက ညွန့်ပေါင်းဖွဲ့တာကြောင့် ဒါက အလုပ်ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ စုစုပေါင်း စာရင်းက နည်းနေပါတယ်။ လအနည်းငယ်ကြာပြီးနောက် သူတို့ဟာ ရွေးကောက်ပွဲ မဲပေးမှုတွေဆီ သွားရနိုင်ပြီး အိမ်စောင့်အစိုးရဆီ အာဏာလွှဲပေးရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ ပါကစ္စတန်ရဲ့ ဘဏ္ဍာရေး ပြဿနာတွေ ဖြစ်ပါတယ်။ အဲဒါတွေက တကယ်လန့်စရာ ကောင်းပါတယ်။ အကယ်၍ သူတို့ဟာ ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘူးဆိုရင် ညွန့်ပေါင်းအဖွဲ့ဟာ ရွေးကောက်ပွဲ တွေမှာ ရှုံးနိမ့်မယ်ဆိုတာ ရှင်းလင်းနေပါတယ်။ သူဟာ နိုင်ငံရေးနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ အသေးအဖွဲ ဆုံးဖြတ်ချက်တွေကို ချပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

အီမရန် ခန်း အစိုးရ ပြုတ်ကျမှုနှင့် ပတ်သက်ပြီး ဆာရင်းက ပြောကြားရာတွင် ခရစ်ကက်ကစားသမားဟောင်း ခန်းသည် ၎င်းအပေါ် အယုံအကြည်မရှိ အဆို တင်သွင်းမဲခွဲမှုကို လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုပုံပေါက်အောင် လုပ်ခဲ့သည်ဟု ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly