ပါကစ္စတန်ဝန်ကြီးချုပ် ရာထူးစွန့်ခွာသွားချိန်တွင် စတင်တာဝန်ထမ်းဆောင်စဉ်ကထက် နိုင်ငံ၏ စီးပွားရေး ပိုမိုဆိုးရွားသွားကြောင်း ပညာရှင်တစ်ဦးပြောကြား

By Zee5
18 April 2022
ပါကစ္စတန်ဝန်ကြီးချုပ် ရာထူးစွန့်ခွာသွားချိန်တွင် စတင်တာဝန်ထမ်းဆောင်စဉ်ကထက် နိုင်ငံ၏ စီးပွားရေး ပိုမိုဆိုးရွားသွားကြောင်း ပညာရှင်တစ်ဦးပြောကြား

ပါကစ္စတန်ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရသည့် အီမရန် ခန်းသည် ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံ စီးပွားရေး မကောင်းသည့် အခြေအနေကို အမွေဆက်ခံရရှိခဲ့သည် ဆိုသော်လည်း ယခုအခါ တာဝန်မှ ထွက်ခွာချိန်တွင် နိုင်ငံစီးပွားရေးကို ပိုဆိုးသော ပုံစံဖြင့် ချန်ရစ်ထားခဲ့သည်ဟု ပါကစ္စတန် စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သည့် အတစ်ဖ် မီအန်က ပြောသည်။

အီမရန် ခန်းကို ပါကစ္စတန်ပါလီမန်က အယုံအကြည်မရှိ အဆို မဲခွဲပြီး ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက် စီးပွားရေးပညာရှင် မီအန်က အထက်ပါအတိုင်း သုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အီမရန် ခန်း ဦးဆောင်သော ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) အစိုးရသည် စီးပွားရေး စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး သိနားလည်မှု မရှိခဲ့သည့်အတွက် နိုင်ငံတွင် ပျမ်းမျှ ဝင်ငွေပိုင်းတွင် တိုးတက်မှု မရှိခဲ့ကြောင်း မီအန်က တွစ်တာတွင် ရေးသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပ ငွေပေးငွေယူ ရှင်းတမ်း လက်ကျန် (BOP) အကျပ်အတည်းကို ယာယီ ခေတ္တ သက်သာရ ရစေခဲ့သလို ကပ်ရောဂါကြောင့် ရေနံ တင်သွင်းမှုများနှင့် ပြည်တွင်း ဝယ်လိုအား ကျုံ့ခဲ့သည်ဟု ၎င်းက ပြောသည်။

“အီမရန် ခန်းဟာ ဝန်ကြီးချုပ်သက်တမ်း ၃ နှစ်ခွဲ သက်တမ်းအပြီး ပါလီမန် မဲခွဲမှုကြောင့် ဖြုတ်ချခံခဲ့ရပါတယ်။ သူဟာ မကောင်းတဲ့ စီးပွားရေးတစ်ခုကို ဆက်ခံခဲ့ရပေမယ့် သူ ထွက်ခွာချိန်မှာ ပိုပြီးတော့တောင် ဆိုးတဲ့ ပုံစံနဲ့ ချန်ထားခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ပိုမို ကြီးမားသော မအောင်မြင်မှုက ပါကစ္စတန်၏ မေကရို စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို နားလည်သိရှိရန် မစွမ်းဆောင်နိုင်ခြင်းပင် ဖြစ်ကြောင်း ပါကစ္စတန်-အမေရိကန် စီးပွားရေးပညာရှင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly