ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တရုတ်စီးပွားရေး ဝ ဒသမ ၁၁ ရာခိုင် နှုန်း ကျဆင်းမည်

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တရုတ်စီးပွားရေး ဝ ဒသမ ၁၁ ရာခိုင် နှုန်း ကျဆင်းမည်

ရုရှား-ယူကရိန်းစစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် တရုတ်၏ စီးပွားရေးသည် ၂၀၂၂ခုနှစ်တွင် ဝ ဒသမ ၁၁ ရာခိုင် နှုန်း ကျဆင်းသွားမည်ဟု တရုတ်နှစ်စဉ်ထုတ် စီးပွားရေးခန့်မှန်းချက်စာတမ်းတွင် ဖော်ပြထားသည်။

အရှေ့ဥရောပစစ်ပွဲကြောင့် ၂၀၂၂ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ဝ ဒသမ ၈၄ ရာခိုင်နှုန်းနှင့် တရုတ်စီးပွားရေးသည် ဝ ဒသမ ၁၁ ရာခိုင်နှုန်း ကျဆင်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်သတင်းအချက်အလက်စင်တာမှ နှစ်စဉ်ထုတ်ဝေသည့် “စီးပွားရေးကြိုတင်ခန့်မှန်းသုံးသပ်ချက်” က မတ်လ ၁၄ရက် ထုတ်တွင် ဖော်ပြခဲ့သည်။

တရုတ်စီးပွားရေးအပေါ် ရေတိုအကျိုးသက်ရောက်မှု သေးငယ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်ပ ပတ်ဝန်းကျင်သည် ပိုမိုရှုပ်ထွေးပြီး ပြင်းထန်လာမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

တရုတ်နိုင်ငံသည် တည်ငြိမ်ရေး၊ လုံခြုံရေးခိုင်မာခြင်း၊ အရင်းအမြစ်များနှင့် စွမ်းအင်အာမခံချက်၊ စိုက်ပျိုးရေး ထောက်ပံ့မှု စွမ်းရည်မြှင့်တင်ရေးနှင့် ချောမွေ့တည်ငြိမ်သော ထောက်ပံ့ရေးကွင်းဆက်များကို ထိန်းသိမ်းရန် ဦးစားပေးသင့်ကြောင်း အကြံပြုထားသည်။

ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေချိန်တွင် ရုရှား၏ စီးပွားရေးသည် အမေရိကန်နှင့် မဟာမိတ်များ၏ ပိတ်ဆို့အရေးယူမှုများ ခံနေရသောကြောင့် တရုတ်သည် ရုရှားနှင့် တိတ်တဆိတ် ဝေးကွာလာ သည်။ 

ရုရှားနှင့် ဆက်ဆံရေးကြောင့် တရုတ်ကုမ္ပဏီများသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရ နိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် မကြာသေးမီရက်များအတွင်း  တရုတ်စတော့ရှယ်ယာများကို ရောင်းချ ခဲ့ကြသည်။

တရုတ်က စီးပွားရေးကို မြှင့်တင်ရန်နှင့် ဘဏ္ဍာရေးဈေးကွက်များ တည်ငြိမ်စေရန် မူဝါဒများကို ကျင့်သုံးမည်ဟု ကတိပြုသောအခါ ထိုကျဆင်းမှုသည် ပြန်လည်တည်ငြိမ်ခဲ့သည်။

တရုတ်ဘဏ်များက အမေရိကန်ဒေါ်လာကို သုံးစွဲခွင့် ဆုံးရှုံးရန် မတတ်နိုင်သလို တရုတ်စက်မှုလုပ်ငန်း အများအပြားသည်လည်း အမေရိကန်နည်းပညာကို လက်လွတ်ဆုံးရှုံးရန်မဖြစ်နိုင်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly