အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် ထိုင်ဝမ်အနီး၌ တရုတ်က စစ်ရေး လေ့ကျင့်မှု ပြုလုပ်

18 April 2022
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် ထိုင်ဝမ်အနီး၌ တရုတ်က စစ်ရေး လေ့ကျင့်မှု ပြုလုပ်

ထိုင်ဝမ်ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်ချိန်တွင် အနီးနား၌ စစ်ရေးလေ့ကျင့်မှုများကို ဧပြီ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။

စိတ်အနှောက်အယှက်ဖြစ်စေသည့် အဆိုပါခရီးစဉ်သည် တင်းမာမှုများကို ဖြစ်စေနိုင်သည့်အတွက် လွှတ်တော်အမတ်များကို တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်စစ်တပ်က အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အနီးဝန်းကျင်သို့ ဖရီးဂိတ် စစ်သင်္ဘောများ၊ ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် အရှေ့ပိုင်း စစ်ရပ်ဝန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လွှတ်တော်အမတ်များသည် မြို့တော်တိုင်ပေတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ 

‌“ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်က အခုတလော မကြာခဏ ပြုလုပ်လာတဲ့ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ လုပ်ရပ်တွေကြောင့်ပါ” ဟု အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ လာရောက်မှုကို အတိအကျမရည်ညွှန်းဘဲ တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

‌“အမေရိကန်ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေဟာ လုံးဝအဓိပ္ပါယ်မဲ့ပြီး အလွန်အန္တရာယ်များပါတယ်။ မီးနဲ့ ကစားသူဟာ မီးလောင်ခံရတတ်ပါတယ်” ဟုလည်း ဖော်ပြထားသည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ သီးခြားထုတ်ပြန်ချက်တစ်ခုတွင်လည်း အမေရိကန်ကိုယ်စားလှယ်များ၏ ထိုင်ဝမ်သို့ လာရောက်ခြင်းသည် သက်သက်ရန်စခြင်းဖြစ်ကာ ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုကို မြင့်တက်စေနိုင်ကြောင်း ဖော်ပြထားသည်။

ခရီးစဉ်အတွင်း ရီဘတ်ပလစ်ကင် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် တရုတ်၏ ရန်လိုသော လုပ်ရပ်သည် အမေရိကန်အနေဖြင့် ယခင်ကထက် ပိုမို ပေါင်းစည်းလာစေကြောင်း ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်သို့ ပြောကြားသည်။

“ထိုင်ဝမ်ကို စွန့်ပစ်ခြင်းဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို စွန့်ပစ်ခြင်းဖြစ်ပါတယ်။ မကောင်းတာလုပ်တဲ့သူတွေ တန်ပြန်အကျိုးကို ခံစားရပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ဆီးနိတ်ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် ဘော့မန်နန်ဒက်ဇ်ကလည်း ထိုင်ဝမ်သည် ကမ္ဘာတွင် နည်းပညာကြောင့် ထင်ရှားသည့်နေရာဖြစ်ကာ ၎င်း၏ လုံခြုံရေးသည် ကမ္ဘာနှင့် သက်ဆိုင်နေကြောင်း ပြောကြားသည်။

အမေရိကန်လွတ်တော် ၂ ရပ်မှ အမတ်၆ ဦးသည် ထိုင်ဝမ်သို့ ၂ ရက်ကြာခရီးစဉ်ကို ကြိုတင်ကြေညာခြင်းမပြုဘဲ ဧပြီ ၁၄ ရက်က ရောက်ရှိလာခြင်း ဖြစ်သည်။

အမေရိကန်သည် တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်အတွက် အရေးကြီးဆုံးထောက်ခံထားသည့် နိုင်ငံနှင့် လက်နက်ရောင်းချသည့် နိုင်ငံလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly