လူသတ်မှု သံသယတရားခံကို နယူးဇီလန်က တရုတ်သို့ လွှဲပြောင်းပေးမည်

လူသတ်မှု သံသယတရားခံကို နယူးဇီလန်က တရုတ်သို့ လွှဲပြောင်းပေးမည်

လူသတ်မှု သံသယတရားခံတစ်ဦးကို လွှဲပြောင်းပေးရန် တရုတ်၏ တောင်းဆိုမှုကို နယူးဇီလန်တရားရုံးတစ်ခုက ဧပြီ ၁၃ ရက်တွင် သဘောတူခွင့်ပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

နယူးဇီလန်တွင် အမြဲတမ်းနေထိုင်ခွင့်ရထားသူ တောင်ကိုရီးယားနိုင်ငံသား ကျောင်ယွတ်ကင်သည် ၂၀၀၉ ခုနှစ်က ရှန်ဟိုင်းမြို့တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရုတ်အာဏာပိုင်များက စွပ်စွဲထားသည်ဟု တရားရုံးမှတ်တမ်းများကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ကင်အနေဖြင့် ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သည့် ယင်းအမှုကို ရင်ဆိုင်ရန် တရုတ်နိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ခံရမည်ဖြစ်သည်။ ၎င်းအား လွှဲပြောင်းပေးရန် တရုတ်နိုင်ငံက ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် မေတ္တာရပ်ခံခဲ့သော်လည်း ကင်၏ ရှေ့နေများက သူတို့၏ အမှုသည်အနေဖြင့် ညှဉ်းပန်း နှိပ်စက်မှု ကြုံတွေ့ခံရနိုင်သည့်အပြင် တရုတ်နိုင်ငံ၏ ကောင်းမွန်မှန်ကန်သည့် တရားရေးစနစ်မရှိခြင်းတို့ကြောင့် မျှတသော စစ်ဆေးမှုကို ရရှိလိမ့်မည်မဟုတ်ကြောင်း ကန့်ကွက်ခဲ့ကြသဖြင့် လွှဲပြောင်းခဲ့ခြင်းမရှိပေ။

အမေရိကန်နှင့် ဗြိတိန်နိုင်ငံပါအဝင် အခြားအနောက်နိုင်ငံများကဲ့သို့ပင် နယူးဇီလန်အနေဖြင့် တရားခံလွှဲပြောင်းပေးရေး သဘောတူစာချုပ်ကို တရုတ်နှင့် လက်မှတ်ရေးထိုးမထားပေ။

နယူးဇီလန်တရားရုံးချုပ်၏ တရားသူကြီး ၅ ဦးအနက် ၃ ဦးက ကင်အား လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆုံးဖြတ်လိုက်သည့် တရားသူကြီး ၃ ဦးက တရုတ်အစိုးရထံမှ လုံလောက်သည့် အာမခံချက် ရရှိခဲ့သလို ကင်အား တရားမျှတစွာ စစ်ဆေးမည်ဟု ယုံကြည်လက်ခံကြောင်း ပြောကြားခဲ့ကြသည်။

ကင်အားလွှဲပြောင်းပေးပါက နယူးဇီလန်ကောင်စစ်ဝန်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံခွင့်ပြုမည်ဖြစ်သလို ၎င်းအား နိုင်ငံ၏ အခြားနေရာများသို့ မပို့ဘဲ ရှန်ဟိုင်း၌သာ ထိန်းသိမ်းထားမည်ဟု တရုတ်အာဏာပိုင်များက တာဝန်ယူခဲ့ကြောင်း တရားရုံး၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ ကင်သည် နယူးဇီလန်တွင် ၁၄ နှစ်သား အရွယ်မှစတင်၍ နေထိုင်ခဲ့ကာ သူ၏ အမေသည် အမြဲတမ်းနေထိုင်ခွင့် ရထားသူဖြစ်ပြီး ဖခင်နှင့် အကို၊ ၎င်း၏ ကလေး ၂ ဦးသည်
နယူးဇီလန်နိုင်ငံသားများဖြစ်သည်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဘားဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည့် မိန်းကလေးတစ်ဦးသည် ရှန်ဟိုင်းမြို့တွင် သေဆုံးကြောင်း တွေ့ရှိခဲ့ရသည်။ ထိုအချိန်က ကင်သည် ရှန်ဟိုင်းတွင် ရောက်ရှိနေပြီး တိုက်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ခဲ့သည်။

ယင်းမိန်းကလေး၏ အလောင်းပေါ်တွင် ကင်၏ ရည်းစားဟောင်းနှင့် ကင်တို့၏ အိပ်ယာခြုံထည်တစ်ခုကို တွေ့ရှိခဲ့သည်။ ရဲများက ကင်၏ အခန်းအား ရှာဖွေသည့်အခါ သေဆုံးသူမိန်းကလေး၏ ဒီအင်န်အေ နမူနာများကို ကင်၏ အခန်းတွင် တွေ့ရှိခဲ့ရသဖြင့် ကင်အား လူသတ်မှုသံသယတရားခံအဖြစ် စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly