လူ့အခွင့်အရေး အုပ်စုများ၏ ဆန္ဒပြမှုများကြောင့် ဆော်ဒီအစိုးရက ဝီဂါများကို တရုတ်သို့ ပြန်ပို့သည့် အစီအစဉ် ရပ်ဆိုင်း

လူ့အခွင့်အရေး အုပ်စုများ၏ ဆန္ဒပြမှုများကြောင့် ဆော်ဒီအစိုးရက ဝီဂါများကို တရုတ်သို့ ပြန်ပို့သည့် အစီအစဉ် ရပ်ဆိုင်း

‌လူ့အခွင့်အရေး အုပ်စုများက ကမ္ဘာအနှံ့ ဆန္ဒပြမှုများကြောင့် ဆော်ဒီအာရေဗျအစိုးရက ဝီဂါ ၄ ဦးအား တရုတ်နိုင်ငံသို့ ပြန်ပို့မည့်အစီအစဉ်ကို ဧပြီ ၁၃ ရက်က ရပ်ဆိုင်းလိုက်သည်။

အဆိုပါ ဝီဂါ ၄ ဦးတွင် အမျိုးသမီး ၁ ဦးနှင့် ၁၃ နှစ်အရွယ် ၎င်း၏ သမီးဖြစ်သူတို့ ပါဝင်သည်။

‌ဘူဟယ်လီကီမူအဘူလာနှင့် သူမ၏ သမီးဖြစ်သူတို့သည် မတ် ၃၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့အနီးတွင် ဖမ်းဆီးခံခဲ့ရပြီး ယခင်က ဖမ်းဆီးခံထားရသည့် ဝီဂါအမျိုးသား ၂ ဦးနှင့်အတူ တရုတ်နိုင်ငံသို့ ပြန်ပို့ခံရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Amnesty International က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၄ ဦးကို ဧပြီ ၁၃ ရက် ညနေပိုင်းတွင် တရုတ်သို့ ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

“ဝီဂါ ၄ ဦးကို ပြန်ပို့မည့်အစဉ်အား ဧပြီ ၃ ရက်ညက ဆက်မလုပ်ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် အန္တရာယ်ရှိနေဆဲ ဖြစ်သည်။ ဆော်ဒီအာရေဗျနှင့် သံတမန်အဆက်အသွယ်ရှိသည့် အစိုးရများအနေဖြင့် ၎င်းတို့ကို ပြန်မပို့ရေးအတွက် ဆက်လက်တိုက်တွန်းရန် အရေးကြီးပြီး ၎င်းတို့ သွားလိုသည့်နိုင်ငံများသို့ သွားခွင့်ပြုရန် လိုအပ်သည်” ဟု Amnesty International က တွစ်တာတွင် ရေးသားထားသည်။

ဒုက္ခသည်များကို နေရပ်သို့ ပြန်မပို့ရသည့် နိုင်ငံတကာ ထုံးတမ်းစဉ်လာ ဥပဒေအရသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး အဖွဲ့ဝင်နိုင်ငံအဖြစ်သော်လည်းကောင်း ဆော်ဒီအာရေဗျအနေဖြင့် တစ်စုံတစ်ဦးသည် သက်ဆိုင်ရာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုသို့မဟုတ် ရက်စက်မှု၊ လူမဆန်သော နှိပ်ကွပ်သော ဆက်ဆံခြင်း သို့မဟုတ် အပြစ်ပေးခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် အခြား ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကြုံတွေ့ရပါက ၎င်းတို့ကို နေရပ်နိုင်ငံသို့ ပြန်မပို့ရေးကို လိုက်နာဆောင်ရွက်ရကြောင်း Amnesty International က ဖော်ပြထားသည်။

‌“ဝီဂါ ၄ ဦးကို အတင်းအဓမ္မ ပြန်ပို့မယ်ဆိုရင် ဆော်ဒီအာရေဗျအနေနဲ့ နိုင်ငံတကာဥပဒေအရ တာဝန်ရှိမှုတွေကို လက်မခံနိုင်စရာ ချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီ ၄ ဦးဟာ တရုတ်ကို ပြန်ရောက်တဲ့အခါ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်းတွေ ကြုံတွေ့နိုင်ရတာကြောင့် သူတို့ကို ပြန်ပို့ဖို့ ဆော်ဒီအာဏာပိုင်တွေအနေနဲ့ စဉ်းစားတာတောင် မလုပ်သင့်ပါဘူး” ဟု Amnesty International ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး လင်းမာလူ့ဖ်က ပြောကြားသည်။

‌လွန်ခဲ့သော နှစ်များအတွင်း တရုတ်အစိုးရသည် ရှင်းကျင်းဒေသရှိ တိုင်းရင်းသား လူနည်းစုများကို ပြင်းထန်စွာ ဖိနှိပ်ခဲ့ပြီး ယင်းလုပ်ရပ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခံထားရသည်။

‌ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်လုပ်ငန်းများကို တားဆီးရန်ဟု အကြောင်းပြချက်ဖြင့် တရုတ်အစိုးရက ဝီဂါများနှင့် တူရကီ လူနည်းစုများပါဝင်သည့် လူဦးရေ ၁ ဒသမ ၈ သန်းထက်မနည်းကို ရှင်ကျန်းဒေသရှိ အကျဉ်းစခန်းများတွင် ၂၀၁၇ ခုနှစ်မှစ၍ ဖမ်းဆီးထားသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ စခန်းများသည် အသက်မွေးဝမ်းကြောင်း သင်တန်းဌာနများဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြား ပြီး ဖမ်းဆီးခံထားရသူများကို နှိပ်စက်ခြင်း သို့မဟုတ် ရှင်းကျန်းဒေသရှိ မွတ်စလင်များကို ညှဉ်းပန်းခြင်းများ မပြုလုပ်ကြောင်း ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly