အိမ်ပိုင်မရှိသူများအတွက် အငှားအိမ်ယာစီမံကိန်း လျောက်ထားခွင့် အမှန်တကယ် ထိရောက်ပါ့မလား စိုးရိမ်နေ

အိမ်ပိုင်မရှိသူများအတွက် အငှားအိမ်ယာစီမံကိန်း လျောက်ထားခွင့် အမှန်တကယ် ထိရောက်ပါ့မလား စိုးရိမ်နေ
(ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။                ။ ရန်ကုန်တိုင်းအတွင်း အိုးပိုင် အိမ်ပိုင်မရှိသူများအား အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ပြုမည့် မဟာဗန္ဓုလအငှားအိမ်ယာ အစီအစဉ်နှင့် ပတ်သက်၍ အမှန်တကယ် ထိရောက်မှု မရှိမည်ကို လျောက်ထားလိုသူများက စိုးရိမ်မှုများ၊ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ယင်းအိမ်ယာ စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိုးပိုင်အိမ်ပိုင်မရှိသူများကို ငှားရမ်းနေထိုင် ခွင့်ပြုသွားမည်ဖြစ်သော်လည်း ငှားရမ်းနေထိုင်မည့်သူများအနေဖြင့် ပုံစံ(၆၆/၆) အိမ်ထောင်စု စာရင်းရှိမှသာ ငှားရမ်းနိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဝေဖန်နေကြခြင်းလည်းဖြစ်သည်။

"မှတ်ပုံတင်ရှိရင်တော်ပီပေါ့။ ဘာလဲ အိမ်ထောင်စုစာရင်းက ဘာဆိုင်လို့ ပြရမှာလဲ။ ငှားနေတယ်ဆိုရင်လည်း ဧည့်စာရင်းတိုင်ရင်ရပြီပေါ့။ ရန်ကုန်လိုနေရာမျိုးက နယ်ပေါင်းစုံက လာနေကြတာ။ အိမ်ထောင်စုစာရင်းက လုပ်ရတာလည်း လွယ်တာ မဟုတ်ဘူး။ ဟိုပြန်ရ ဒီပြန်ရနဲ့။ ပြီးတော့ E-government ဆိုတာကိုလည်း အကောင်အထည်မဖော်ဘဲနဲ့။ လာဘ်စားချင်တာကများနေတော့ စာရွက်နဲ့ပဲအလုပ်လုပ်ချင်နေတဲ့ သဘောပဲ"ဟု ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ်တွင် ငှားရမ်းနေထိုင်သူ ကိုအောင်ဇော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စုစာရင်းရှိသူ၊ အိုးပိုင်အိမ်ပိုင် မရှိသူ၊ မည်သူမဆို အငှားအိမ်ရာ လျှောက်ထားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် အိမ်ထောင်စုစာရင်းရှိသူဖြစ်ကြောင်း ပုံစံ ၆၆/၆ အိမ် ထောင်စု စာရင်းရှိရမည်ဖြစ်ပြီး အငှားစနစ် ဖြစ်ပြီး လက်လဲငှားရမ်းခြင်း၊ ရောင်းချခြင်း ပြုလုပ်၍မရကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဇန်နဝါရီ ၂၉ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။

"အခန်းပေါင်း လက်ရှိ(၁၂၀၀)ဆိုတဲ့ ကိစ္စကလည်း ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ပြီးတော့ ဦးစားပေးထားပြီးသားတွေရှိနေတယ်။ သို့မဟုတ် ဘယ်လိုလူမျိုးကိုမှ သူတို့ဦးစားပေးမယ်ဆိုပြီး နိုင်ငံသား အချင်းချင်းထပ်မံပြီး အဆင့်အတန်းခွဲလိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်လေ"ဟု တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုက ပြောသည်။

အဆိုပါ မဟာဗန္ဓုလအငှားအိမ်ရာကို ဒဂုံမြို့သစ်တောင်ပိုင်းတွင် စီစဉ်ဆောက်လုပ်နေခြင်းဖြစ်ပြီး တိုက်ခန်း စုစုပေါင်း (၁၂၀၀) ပါရှိကာ တစ်ခန်းလျှင် (၅၆၉.၅) စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်သည်။ လစဉ်ငှားရမ်းခ သုံးသောင်းဖြင့် နှစ်ရှည် ငှားရမ်းနေထိုင်ခွင့် ပြုမည်ဟုလည်း ထုတ်ပြန်ထားသည်။

ယင်းအိမ်မဟာဗန္ဓုလအငှားအိမ်ရာတွင် ငှားရမ်းနေထိုင်မည့်သူများအနေဖြင့် ပုံစံ(၆၆/၆) အိမ်ထောင်စုစာရင်း ရှိရန်လိုအပ်ပြီး မရှိသူများကို(လုံးဝ)ငှားရမ်းမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သစ်တော နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်စိုးက မဇ္ဈိမကို ပြောသည်။

"၆၆/၆ ရှိရမယ်။ အိမ်ပိုင်ရာပိုင် မရှိဘူးဆိုရင် ကျွန်တော်တို့ စည်းကမ်းချက်တွေ (၁)ရက်က စကပ်မယ်။ ဆိုလိုချင်တာက ကျွန် တော်တို့ အငှားအိမ်ရာ လျောက်ထားဖို့ ခွင့်ပြုဖို့က လျောက်ထား သူတွေအနေနဲ့ လိုအပ်ချက်လေးတွေ ရေးပေးထားတယ်။ အဲ့အတိုင်းပဲ လျောက်ရမှာပါ။ ကျွန်တော်တို့ အစိုးရအဖွဲ့ထဲမှာ အဲဒီလို ဆုံးဖြတ်ချက်ချထားပါတယ်"ဟု ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

အိမ်ငှားရမ်းရာတွင် မြို့နယ်ထွေအုပ်ရုံးများတွင် လျှောက်လွှာပုံစံ ကူးယူ၍ (လက်ရေးဖြင့် ရေး၍ဖြစ်စေ၊ ကွန်ပျူတာ စာစီ၍ဖြစ်စေ) လျှောက်ထားနိုင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ ကော်မတီ/အဖွဲ့ဖြင့် လျှောက်လွှာများ စိစစ်ခြင်း ပြုလုပ်၍ ငှားရမ်းပေးမည် ဖြစ်သည်။

လျှောက်လွှာများကို ၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လမ်း နှင့် အလုံလမ်းထောင့်ရှိ ရန်ကုန်တိုင်း လွှတ်တော်ဝန်း ဂိတ်အမှတ် ၄တွင် လျောက်ထားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly