မလေးရှား ထိန်းသိမ်းရေးစခန်း၌ အဓိကရုဏ်း ဖြစ်ပွားပြီးနောက် လူရာချီ ထွက်ပြေးလွတ်မြောက်ပြီး ရိုဟင်ဂျာ ၆ ဦး သေဆုံး

မလေးရှား ထိန်းသိမ်းရေးစခန်း၌ အဓိကရုဏ်း ဖြစ်ပွားပြီးနောက် လူရာချီ ထွက်ပြေးလွတ်မြောက်ပြီး ရိုဟင်ဂျာ ၆ ဦး သေဆုံး

ဧပြီ ၂၀

မလေးရှားနိုင်ငံရှိ လူဝင်မှု ထိန်းသိမ်းရေးစင်တာတစ်ခု၌ ဧပြီ ၂၀ ရက်အစောပိုင်းက အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့စဉ် ယင်းစင်တာကနေ လူရာချီ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းနှင့် အဆိုပါ ထွက်ပြေးကြသူများအနက် ကလေးနှစ်ဦးအပါအဝင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်ခြောက်ဦးသည် အဝေးပြေးလမ်းမတစ်ခုပေါ် ကားတိုက်ခံရပြီး သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

နိုင်ငံမြောက်ပိုင်း ပီနန်ပြည်နယ်ရှိ ဆန်ဂိုင်း ဘာကက်ပ် ယာယီ လူဝင်မှု ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာ ၅၈၂ ဦးသည် တံခါးများနှင့် အတားအဆီးများကို ချိုးဖျက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြခြင်း ဖြစ်ပြီး ယင်းနောက် ၎င်းတို့အနက် ၃၆၂ ဦးကို ပြန်လည် ဖမ်းမိခဲ့ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

မြန်မာနိုင်ငံတွင် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ ဖိစီးနှိပ်စက်မှုကနေ လွတ်အောင် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများအတွက် မလေးရှားသည် ကာလကြာကတည်းက အဓိက သွားရောက်ရာနေရာတစ်ခု ဖြစ်ထားခဲ့သည်။

သို့သော် ၂၀၂၀ နောက်ပိုင်း လူထောင်နှင့်ချီတို့သည် ယင်းနိုင်ငံရှိ ပြည့်ကျပ်နေသော ထိန်းသိမ်းရေးစင်တာများတွင် စုဝေးထိန်းသိမ်းခြင်း ခံခဲ့ရပြီး မလေးရှားအာဏာပိုင်များ၏ အဆိုအရ ယင်းသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့ အဓိကရုဏ်း ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသလို အာဏာပိုင်များကလည်း ကျန်ရှိနေသည့် ထွက်ပြေးလွတ်မြောက်နေသူများကို ဆက်လက်ရှာဖွေနေသည်။

အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ၊ ကလေးငယ် ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး တို့သည် ထိန်းသိမ်းရေးစခန်းမှ ရှစ်ကီလိုမီတာ (ငါး မိုင်) ခန့် အကွာတွင် အဝေးပြေးလမ်းမတစ်ခုကို ဖြတ်ကူးရန် ကြိုးစားခဲ့စဉ် ယာဉ်တိုက်ခံရ၍ သေဆုံးခဲ့ကြောင်း ကီဒါပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဝမ် ဟက်ဆန် အာမက်ဒ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ပြောသည်။

အဓိကရုဏ်း မဖြစ်ခင်က ထိုထိန်းသိမ်းရေးစခန်းတွင် ကလေး ၁၃၇ ဦးအပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၆၆၄ ဦးကို ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required