ချယ်လ်ဆီးနည်းပြသစ်စာရင်းတွင် ကွန်တီ ပါ၀င်လာ

ချယ်လ်ဆီးနည်းပြသစ်စာရင်းတွင် ကွန်တီ ပါ၀င်လာ

လန်ဒန်၊ ဇန်နဝါရီ ၂၉။             ။ ချယ်လ်ဆီးအသင်းသည် ယာယီနည်းပြ ဂုစ်ဟစ်ဒင့်၏နေရာတွင် အစားထိုးရန်အတွက် နည်းပြသစ်ရှာဖွေလျက်ရှိနေပြီး ယခု နောက်ဆုံး လျာထားသည့်နည်းပြများ စာရင်းတွင် အီတလီလက်ရွေးစင်အသင်းနည်းပြ ကွန်တီ ပါဝင်လာပြီ ဖြစ်သည်။

ကွန်တီသည် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး လာမည့်နှစ်တွင် အီတလီအသင်းအားစွန့်ခွာပြီး အင်္ဂလန်တွင် နည်းပြရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ကွန်တီနှင့် ချယ်လ်ဆီးအသင်း တို့သည် ပရီးမီးယားလိဂ်ရာသီမပြီးဆုံးခင်မေလနှင့် ယူရို ၂၀၁၆ ပြိုင်ပွဲမစတင်ပြီ ကာလတွင် ထပ်မံတွေ့ဆုံဆွေးနွေးဦးမည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ဂွါဒီယိုလာကို ခေါ်ယူရန် အလိုရှိသော်လည်း မန်စီးတီးအသင်းက ထိုကိစ္စတွင် ဦးဆောင်နေသည့်အတွက် အခြားရွေးချယ်စရာနည်းပြများအဖြစ် စပါးနည်းပြ ပိုချက်တီနိုနှင့် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီတို့ကိုလည်း နည်းပြသစ်များအဖြစ် လျာထားလျက်ရှိသည်။

ဂျူဗင်တပ်စ်အသင်းနှင့် စီးရီးအေဆုဖလားသုံးလုံးရရှိထားပြီး အီတလီအသင်းကို အကောင်းဆုံးဦးဆောင်ကာ ယူရိုခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးထားသည့် ကွန်တီသည် အီတလီနိုင်ငံပြင်ပတွင် စိန်ခေါ်မှု အသစ်များနှင့် တွေ့ဆုံရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ကွန်တီသည် အင်္ဂလိပ်စာ လေ့ကျင့်ခန်းများကို ပြုလုပ်လျက်ရှိနေကြောင်း ၎င်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကဆိုသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly