တောင်ရိုးတိုင်းရင်းသားများနေထိုင်ရာဒေသ အချိန်အခါမဟုတ် ရေခန်းခြောက်

တောင်ရိုးတိုင်းရင်းသားများနေထိုင်ရာဒေသ အချိန်အခါမဟုတ် ရေခန်းခြောက်

ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ။           ။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း တောင်ရိုးတိုင်းရင်းသားများနေထိုင်သော လက်မောင်းကွေးကျေးရွာအုပ်စုတွင် အချိန်အခါမဟုတ်   ရေခန်းခြောက်မှုကြောင့် ဒုက္ခရောက်နေကြောင်း ဒေသခံများကပြောကြားသည်။

နှစ်စဉ် ကဆုန်၊ နယုန်လမှသာ ရေခန်းတတ်သော်လည်း ယခုနှစ် ၆ လခန့်စောစီးစွာ အချိန်အခါ မဟုတ်ဘဲ လက်မောင်းကွေးကျေးရွာအုပ်စု၊ ကျောင်းနားရွာ၊ တောင်ရွာ၊ အရှေ့ရွာ၊ အနောက်ရွာ၊ သရက်ပင်ရွာ၊ ပန်းပင်ရွာတို့မှ အားထားရသည့် ရေအိုင် ၄ အိုင်မှာ ခန်းသွားသောကြောင်း ဒေသခံတစ်ဦးကဆိုသည်။

ယင်းအတွက်ကြောင့် ဒေသခံလူငယ်များ က ၈ မိုင်ကျော်ဝေးသော ဟဲဟိုးဆည်မှ သွားသယ်ကာ ကျေးရွာများကို အလှည့်ကျပေးဝေနေရသည် ဟု ဒေသခံတစ်ဦးလူငယ်တစ်ဦးက ဆိုသည်။

အိမ်ခြေ (၃၆၀) ကျော်မှလူဦးရေ ငါးရာကျော်မှာ မျက်နှာသစ်ရန်၊ သောက်သုံးရန် အရေးပေါ် ရေအခက်အခဲကြုံနေပြီး အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်များက လူသားချင်းစာနာထောက်ထားမှု စေတနာဖြင့် ကူညီပေးကြရန်လိုနေကြောင်း တောင်ရိုးစာပေ နှင့်ယဉ်ကျေးမှုအသင်းလူငယ်အထောက်ကူပြုအဖွဲ့မှ ကိုအောင်ဆန်းက ပြောသည်။

''ရေခန်းတာ ဒီနှစ်ပိုဆိုးတယ်၊ ၈ မိုင်ကျော်ဝေးတဲ့ ဟဲဟိုးဆည်ကနေ ကားနောက်မှာ မိုးကာခင်းပြီး ခက်ခက်ခဲခဲ သယ်ရတယ်။ ဘုန်းကြီးကျောင်းမှာ လှောင်ထားပြီး ရွာတွေကိုအလှည့်ကျ ပေးဝေရတယ်။ မနေ့က အလှူရှင်တစ်ဦး ရေသန့်ဘူးကဒ် သုံးရာကားနဲ့ လာလှူတာ ၃ ခါခွဲသယ်ရတယ်၊ တောင်သုံး တောင်ကိုဖြတ်ရတာလေ။ အလှူရှင်တစ်ဦးတော့ရှိတယ် သူက ၃ လပိုင်းမှ လာကြည့်မယ်လို့ပြော တယ်။ နောက် ၆ လ လောက်ထိဘယ်လိုမှတောင့်ခံနိုင်မှာမဟုတ်ဘူး။ အကူအညီအရေးပေါ် လိုနေပါတယ်'' ဟု ကိုအောင်ဆန်းက မဇ္ဈိမသို့ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနှင့် ကလောကြား၊ ဟဲဟိုးနှင့် ၈ မိုင်အကွာတွင် လက်မောင်းကွေး ကျေးရွာအုပ်စုရှိသည်။

လက်မောင်းကွေးကျေးရွာအုပ်စုသည် အရှေ့ပိုင်းမှာ ညောင်ရွှေမြို့နယ်နှင့် အနောက်ပိုင်းမှာ ကလောမြို့နယ်ထဲပါဝင်သောကြောင့် အစိုးရဌာနဆိုင်ရာသို့အကူအညီတောင်းရာတွင် ဟိုဖက်ဒီဖက် လွှဲချနေသည်ဟု ကိုအောင်ဆန်းကဆိုသည်။

နှစ်စဉ် ရေရှားပါးမှုနှင့်ကြုံနေသော ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှ ဦးကျော်ဇေယျက ''နှစ်စဉ်ကျွန်တော်တို့မြို့နယ်မှာလဲ ရေပြဿနာကြုံရတယ်ဆိုပေမယ့် သုံးရေပူစရာမလိုဘူး၊   သောက်ရေဘဲရှားတာ ဒါကလည်း မတ်လနဲ့ ဧပြီလလောက်ဘဲ။ ရန်ကုန်နဲ့နီးတော့ အလှူရှင်တွေကပေါတယ်။ တောင်ရိုးဒေသမှာ အလှူရှင်အမြန်ဆုံးပေါ်ပါစေလို့ဘဲ ဆုတောင်းပေးပါတယ်။'' ဟုပြောကြားသည်။

ယင်းကဲ့သို့ဖြစ်ခြင်းမှာ အယ်နီညို(El Nino)ကြောင့်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်သည်။

လက်မောင်းကွေးကျေးရွာအုပ်စု သောက်သုံးရေအခက်အခဲဖြစ်နေသူများသို့ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉၄၂၂၅၁၇၀၅၃၊  ၀၉၄၀၀၅၁၀၆၂၁၊ ၀၉၄၂၈၃၆၆၇၁၄ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly