နိုင်ငံ၏ ဘဏ္ဍာရေးကို ထောက်ကူနိုင်ရန် ပြည်ပရောက် နိုင်ငံသားများ ပြည်တွင်းဘဏ်များ၌ ငွေများ အပ်နှံရေး နီပေါ တိုက်တွန်း

နိုင်ငံ၏ ဘဏ္ဍာရေးကို ထောက်ကူနိုင်ရန် ပြည်ပရောက် နိုင်ငံသားများ ပြည်တွင်းဘဏ်များ၌ ငွေများ အပ်နှံရေး နီပေါ တိုက်တွန်း

ဧပြီ ၁၉

ပြည်ပတွင် နေထိုင်လျက် ရှိသော နီပေါနိုင်ငံသားများ ၎င်းတို့၏ ငွေကြေးများကို ပြည်တွင်းဘဏ်များ၌ အပ်နှံစုဆောင်းရေးအတွက် နီပေါအစိုးရက တိုက်တွန်းလျက် ရှိသည်။ နိုင်ငံ၏ ဘဏ္ဍာရေးစနစ်တွင် လုံလောက်သည့် ငွေပေါ်လွယ်မှု ရှိစေရေးနှင့် အရန်နိုင်ငံခြားသုံးငွေများကို ထိန်းထားနိုင်ရေး ရည်ရွယ်သည့် အားထုတ်မှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ယင်းကဲ့သို့ တိုက်တွန်းခြင်း ဖြစ်ကြောင်း နီပေါဘဏ္ဍာရေးဝန်ကြီး ဂျနာဒန် ရှားမားက ဧပြီ ၁၆ ရက်တွင် ပြောသည်။

ယင်းနိုင်ငံတွင် အဓိက ဝင်ငွေရင်းမြစ်တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းသည် COVID-19 ကပ်ရောဂါနောက်ပိုင်း ပြန်လည် နာလန်ထူနိုင်ရန် ရုန်းကန်နေရသလို ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်မှု၏ သက်ရောက်မှုတို့ ရှိနေလင့်ကစား နိုင်ငံသည် စီးပွားရေး အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရခြင်း မရှိဟု ၎င်းက ပြောခဲ့သည်။

တရုတ်နှင့် အိန္ဒိယကြားတွင် ညပ်နေသလို ဖြစ်နေသည့် နီပေါတွင် ယခုလအတွင်းက ငွေလုံးငွေရင်း ယိုထွက်မှုကို ထိန်းချုပ်ရန် ဇိမ်ခံပစ္စည်း တင်သွင်းမှုများအပေါ် အစိုးရက ထိန်းချုပ်ပိတ်ပင်မှုများ ချမှတ်ခဲ့သည်။ အရန်နိုင်ငံခြားသုံးငွေသည် ဇူလိုင်လလယ်မှ မတ်လလယ်အထိ ၁၈ ရာခိုင်နှုန်းကျော် ကျဆင်းပြီး ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကို ရောက်ရှိထားခဲ့သည်။

ပြည်ပရောက် နီပေါနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ စုဆောင်းငွေများကို နီပေါ၌ အပ်နှံခြင်းအားဖြင့် ၎င်းတို့၏ အချိတ်အဆက်များကို ဆက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သလို နီပေါဘဏ်များက ပေးသည့် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ရှိသော အတိုးနှုန်းကနေ အကျိုးဖြစ်ထွန်းလိမ့်မည် ဖြစ်ကြောင်း ရှားမားက ပြောသည်။

နိုင်ငံစီးပွားရေးသည် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရခြင်း မရှိကြောင်းနှင့် နီပေါ၏ အခြေအနေကို သီရိလင်္ကာ၏ အခြေအနေနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း ရှားမားက ပြောသည်။ ထို တောင်အာရှနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးသော စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသလို အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း ဖြစ်ပေါ်ထားခဲ့သည်။

နီပေါတွင် ပြည်ပရောက် အလုပ်သမားများ၏ ပြန်လွှဲပို့ငွေများသည် ဇူလိုင်လလယ်နှင့် မတ်လလယ်အကြားတွင် ၃ ရာခိုင်နှုန်း ကျပြီး ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ ရှိခဲ့ရာ ယင်းကို အစောပိုင်းနှစ် အလားတူကာလက ၅ ရာခိုင်နှုန်း မြင့်တက်မှုနှင့်နှိုင်းယှဉ်နိုင်သည်။ ပြည်ပရောက် လုပ်သားများ၏ ပို့ငွေများသည် နိုင်ငံစီးပွားရေး၏ လေးပုံတစ်ပုံနီးပါးနှင့် ညီမျှပြီး ပြည်ပငွေပေးချေမှုများအတွက် အရေးပါသည်။

၂၀၂၀ ပြည့်နှစ် ကပ်ရောဂါ စတင်ပြီးနောက်ပိုင်း သိသိသာသာ ထိုးကျထားခဲ့သည့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှုများသည်လည်း နှေးကွေးစွာ ဦးမော့လာနေသော်လည်း ကပ်ရောဂါ မတိုင်မီလယ်ဗယ်များ၏ အောက်တွင် ဆက်ရှိနေသေးသည်။

အကယ်၍ နိုင်ငံရပ်ခြားတွင် နေထိုင်လျက် ရှိသည့် နီပေါနိုင်ငံသား ၁၀၀,၀၀၀ က နီပေါဘဏ်များတွင် ကန်ဒေါ်လာ ၁၀,၀၀၀ စီ အပ်နှံပါက ယင်းက နိုင်ငံကို လက်ရှိ ငွေပေါ်လွယ်မှုဆိုင်ရာ အကန့်အသတ်ဖိအားများကနေ ကူညီ ကျော်လွှားနိုင်ရန် အရေးပါသည့် အချက် ဖြစ်နိုင်ကြောင်း ရှားမားက ပြောသည်။

နီပေါသည် အမေရိကန်ထံမှ အကူအညီ ကန်ဒေါ်လာ ၆၅၉ သန်း နှင့် ကမ္ဘာ့ဘဏ်မှ အတိုးနှုန်းသက်သာသော ချေးငွေ ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ကို လက်ခံရယူရန် ဆုံးဖြတ်ထားကြောင်း ရှားမားက ပြောသည်။

“အမေရိကန်ဆီကနေ ငါးနှစ်တာအတွင်း လက်ခံရရှိမယ့် ငွေက ပြန်ဆပ်စရာမလိုတဲ့ ထောက်ပံ့မှု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly