ဟောင်ဝစ်ဇာအမြောက်ကြီးများ အသုံးပြုနည်းကို အမေရိကန်က ယူကရိန်းအား သင်တန်းပေးမည် 

ဟောင်ဝစ်ဇာအမြောက်ကြီးများ အသုံးပြုနည်းကို အမေရိကန်က ယူကရိန်းအား သင်တန်းပေးမည် 

ဧပြီ ၁၉

လာမည့် ရက်များအတွင်း ဟောင်ဝစ်ဇာအမြောက်ကြီးများ အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ယူကရိန်းအား အမေရိကန်စစ်တပ်က သင်တန်းပေးသွားရန် ရှိကြောင်း အမေရိကန် အကြီးတန်း စစ်ဘက်တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။  

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် ယူကရိန်းအား စစ်ရေးအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၈၀၀ ပေးမည်ဟု ကြေညာခဲ့သည်။ ယူကရိန်းအရှေ့ပိုင်းအား ရုရှ၏ ကျယ်ပြန့်သည့် တိုက်ခိုက်မှုကြီးများ မတိုင်မီ အမြောက်ကြီးများ အပါအဝင်ဖြစ်သည့် အကူအညီများကို တိုးချဲ့ပေးခြင်း ဖြစ်သည်။ 

လက်ရှိအထိ အဆိုပါ စစ်ရေးအကူအညီ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်လက်နက်များ လေးကြိမ်တိုင် အမေရိကန်က ပေးပို့ပြီး ဖြစ်သည်။ 

ဟောင်ဝစ်ဇာ အသုံးပြုနည်း သင်တန်းပေးခြင်းကို ယူကရိန်းအပြင်ဘက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အမည်မဖော်သည့် ယခု တာဝန်ရှိသူက ဆိုသည်။ 

ဟောင်ဝစ်ဇာနှင့် ရေဒါများကဲ့သို့ လက်နက်သစ်အချို့ကို မည်သို့ အသုံးပြုရသည်နှင့် ပတ်သက်ပြီး ယူကရိန်း သင်တန်းဆရာများအား အမေရိကန်က သင်ကြားပေးရန် စီစဉ်ထားပြီး ထို သင်တန်းဆရာများက ယူကရိန်းတွင် ပြန်လည်သင်ကြားပို့ချမည် ဖြစ်သည်။ 

အမေရိကန်အနေဖြင့် ယခင်ကလည်း Switchblade ဒရုန်းများ အသုံးပြုပုံနှင့် ပတ်သက်ပြီး ယူကရိန်းတပ်များအား သင်တန်းပို့ချခဲ့သည်။ 

အနောက်ပိုင်း လီဗစ်မြို့တွင် ပထမဆုံး အရပ်သားများ သေဆုံးခြင်းအဖြစ် ရုရှ၏ ဒုံးကျည်တိုက်ခိုက်မှုအတွင်း လူ ခုနစ်ဦး သေဆုံးကြောင်း ယူကရိန်းက ပြောပြီး အရှေ့တောင်ပိုင်း မာရီယူပိုမြို့တွင်လည်း ယူကရိန်းတပ်များက ခုခံနေရဆဲ ဖြစ်သည်။ 

ရုရှသည် လီဗစ်မြို့နှင့် မြောက်ပိုင်းက မြို့တော်ကိယက်ဗ်ကို စစ်ရေးပစ်မှတ်ထားရန် ကြံရွယ်လျက်ရှိပုံရသည်ဟု အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူက ပြောသည်။ 

မကြာသေးသော ရက်များအတွင်း ယူကရိန်းသို့ ရုရှက စစ်ကူများ ပေးပို့ထားပုံရပြီး မာရီယူပိုမြို့က ခုခံနေဆဲဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly