ရန်ကုန်တွင် စက်သုံးဆီပြတ်လပ်၍ အရောင်းဆိုင်အချို့ ယာယီပိတ်သိမ်း ကျပ်၂သောင်း ဖိုးအထိသာ ဝယ်ယူခွင့်ပြု

ရန်ကုန်တွင် စက်သုံးဆီပြတ်လပ်၍ အရောင်းဆိုင်အချို့ ယာယီပိတ်သိမ်း ကျပ်၂သောင်း ဖိုးအထိသာ ဝယ်ယူခွင့်ပြု

ဧပြီ ၁၉

ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဧပြီ ၁၉ ရက်နေ့မှ စတင်၍ စက်သုံးဆီ လာရောက် ဝယ်ယူသည့် မော်တော်ယာဉ်များ တန်းစီနေကြပြီး ဆီဆိုင်အချို့မှာ 92၊ 95 စက်သုံးဆီများ ပြတ်လပ်သွားသည်ဟုဆိုကာ ဆိုင်များကို ယာယီပိတ်ထားကြောင်း သိရသည်။

ယနေ့တွင် ဆီဆိုင်ကြီးအချို့၏ ကြေညာချက်များအရ 92 တစ်လီတာ ၁,၈၉၀ကျပ်၊ 95 တစ်လီတာ ၁,၉၇၅ကျပ် ဟုထုတ်ပြန်ရေးသားထားကြသော်လည်း စက်သုံးဆီ ဆိုင်အများစုတွင် စက်သုံးဆီဈေးနှုန်းများကို ရေးသားထားခြင်း မပြုတော့ဘဲ သတ်မှတ် ဈေးနှုန်းထက် ပိုမိုကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

“ညထဲက ဆီဈေးတက်မယ် ဆီပြတ်မယ်ဆိုတဲ့ သတင်းကြားနေရတော့ မနက်ကျ စောစောထပြီး ဆီသွားထည့်မယ်ဆိုပြီး ၇နာရီကျော်ထဲက ထည့်နေကျ ဆီဆိုင်ကို သွားတာ။ ဆိုင်တွေက ဆီကုန်နေပြီဆိုပြီး ပိတ်ထားတယ်။ တက္ကသိုလ်ရိပ်သာ လမ်းနားက Maxတစ်ခုပဲဖွင့်တယ် အဲ့မှာလည်း တန်းစီနေတဲ့ ကားတွေမနည်းဘူး။ 95 မရတော့ဘူးပြောတယ်။ 92ပဲထည့်မယ်ဆိုတော့ နှစ်သောင်းဖိုးအထိပဲ ပေးတယ်။ နောက်တစ်ခါမှ ထပ်ထည့်ပါလို့ ဆိုင်က ကောင်လေးတွေက ပြောတယ်”ဟု စက်သုံးဆီ သွားရောက်ဝယ်ယူခဲ့သည့်ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

သင်္ကြန်ပွဲတော်ရက်အတွင်း စစ်ကောင်စီက စက်သုံးဆီဈေးများ လျှော့ချ ရောင်းချရန် ညွှန်ကြားခဲ့ခြင်းကြောင့် စက်သုံးဆီဆိုင်အချို့မှာ ဆီလှောင်ကန်များ သန့်ရှင်းရေးလုပ်ရန် ၊ ဝန်ထမ်းများ နေရပ်ပြန်ရန် စသည့်တို့ကို အကြောင်းပြကာ ဆိုင်အများစု ပိတ်ထားခဲ့ပြီး ယခုလို စက်သုံးဆီ ပြတ်လပ်သည့်အချိန်တွင် ဆက်လက် ပိတ်ထားခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

“ကားကိုကောင်းကောင်းမမောင်းရတာ ကြာပါပြီ။ CNGသမားတွေလည်း မချောင်ဘူး တန်းစီနေရတာပဲ။ ကျွန်တော်တို့ ဆီသမားတွေကလည်း အခု ဆီပါဝယ် မရတော့ဘူးဆိုတော့ ခွက်ဆွဲရဖို့ နီးလာပြီပေါ့။ အခုတော့တန်းစီပြီး ရအောင်ထည့်တယ်။ အရင်လို ခရီးသည်ရှာဖို့ ပတ်မမောင်းတော့ဘူး။ လူတားနေကျနေရာတစ်ခုခုမှာ ရပ်ထား လိုက်တယ်။ ငှားချင်ငှား မငှားချင်နေဆိုပြီးတော့။ အလုပ်က မကောင်းတော့ ကားရောင်း ပစ်မလားဆိုတော့လည်း အခုက Taxi ဈေးတွေက ကျနေတယ်”ဟု အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။

စက်သုံးဆီဆိုင်ကြီးအများစုသည် ကားတစ်စီးလျင် ကျပ်နှစ်သောင်း ဖိုးအထိသာ ရောင်းချ ပေးနေခြင်းကြောင့် အင်ဂျင်ပါဝါမြင့်မားသည့် မော်တော်ယာဉ် ပိုင်ရှင်များမှာ အခက်ကြုံနေရကြောင်း သိရသည်။

#Mizzima

#ရန်ကုန်

#စက်သုံးဆီပြတ်လပ်

#စက်သုံးဆီအရောင်းဆိုင်

#ယာယီပိတ်သိမ်း

#ကျပ်နှစ်သောင်းဖိုးသာရောင်းချ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly