အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ပြဿနာမျိုးတော့ မဟုတ်ပါ

26 June 2015
အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ပြဿနာမျိုးတော့ မဟုတ်ပါ

မိမိတို့နိုင်ငံမှာ ရာဇဝတ်မှုခင်းတွေ များနေတာကို ကြားလာရပြန်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာကို အသာထား၊ ရန်ကုန်တိုင်း တစ်ခုတည်းမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုများရဲ့အခြေအနေကို ပထမထား လေ့လာ ကြည့်တဲ့အခါ ၅ လအတွင်းမှာ လူသတ်မှု ၇၁ မှု၊ လုယက်မှု ၁၆ မှု၊ မုဒိမ်းမှု ၆၁ မှု ရှိခဲ့တယ်လို့ ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ထုတ်ဖေါ်ပြောဆိုတာ ကြားခဲ့ရပါတယ်။

ဒီလိုအမှုတွေထဲမှာ မုဒိမ်းမှုနဲ့ လူသတ်မှုက အများဆုံးဖြစ်နေတာ တွေ့ကြရပါတယ်။ မုဒိမ်းမှုမှာဆိုလျှင် အရွယ်မရောက်သေးတဲ့ ကလေးများက အများဆုံး ပြုကျင့်ခံကြရတယ်လို့လည်း သိရပါတယ်။ ဒီလိုကိန်းဂဏန်းကို အခြေခံပြီး စဉ်းစားရင် တစ်လအတွင်း လူသတ်မှု အနည်းဆုံး ၁၄ မှုအထိ ဖြစ်ပွားနေပြီး မုဒိမ်းမှုက တစ်လမှာ ၁၂ မှု
ဖြစ်ပွားခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။ သည်အတိုင်းဆိုလျှင် လစဉ် လူ ၁၄ ယောက် အနည်းဆုံး အသတ်ခံနေရပြီး လစဉ်အနည်းဆုံး မိန်းကလေး ၁၂ ယောက်ဟာ အဓမ္မပြုကျင့် ခံနေကြတဲ့ သဘောဖြစ်ပါ တယ်။ တကယ့်ကို ထိတ်လန့်ဖို့ကောင်းတဲ့ အခြေအနေပါ။

လူသတ်မှုတွေရဲ့သတင်း ဟိုက သည်က ကြားရတာကလည်း စိတ်မသက်သာစရာ ဖြစ်ပါတယ်။ မနေ့တနေ့ကပဲ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မင်းရဲကောင်းမွန်လမ်းထိပ်မှာ အိမ်နီးချင်းအမျိုးသားနှစ်ဦး သီချင်းဖွင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများ ရန်ဖြစ်ရာက လူသတ်မှု ဖြစ်ခဲ့ပါတယ်။ တစ်ခါ လင်သားဖြစ်သူက လစာငွေ ပြန်မအပ် လို့ ဆိုပြီး ဇနီးဖြစ်သူက လင်သားကို ဓားနဲ့ အသေထိုးသတ်လိုက်တယ်ဆိုတဲ့ သတင်းမျိုးတွေကိုလည်း ကြားကြရပါတယ်။

ဒါတွေကိုပြန်ကြည့်တဲ့အခါ လူမှုရေးရှုထောင့်အနေနဲ့ ပြောရရင် ဒီအဖြစ်တွေဟာ လူတွေ ဘာပြုလို့ ဒီလောက်အထိ ဒေါသပေါက်ကွဲပြီး ကြီးမားတဲ့ လူသတ်မှုလို ပြစ်မှုကြီးတွေကို ကျူးလွန်တဲ့အထိ ဖြစ်ကြရ တာလဲ။ ငါးပိတစ်ဆယ်သား၊ ပိုက်ဆံ ငါးရာလောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဒေါသမထိန်းနိုင် သတ်ဖြတ်ဖြေရှင်း ကြတဲ့အထိ ဖြစ်ကြရတာ ဘာ့ကြောင့်လဲ။

လူတွေဟာ အခုအချိန်မှာ ဖိစီးမှုတွေအောက် ကျရောက်နေကြရပါတယ်။ အထူးသဖြင့် စီးပွားရေးဖိစီးမှု ဖြစ်ပါတယ်။ ဒီလို စီးပွားရေးဖိစီးမှုက မခံမရပ်နိုင်အောင် ဖိစီးလာတဲ့အခါ ပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းဖို့ မလွယ်ကူလောက်အောင် ပေါက်ကွဲတတ်ပါတယ်။ အဲဒီပေါက်ကွဲမှုတွေက ကြီးမားတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်သလို ဖြစ်စေတော့တာပါ။

ဒီနေရာမှာ လူတစ်ယောက်ရဲ့ စိတ်ကို တရားနည်းလမ်းကျကျ ဖြေရှင်းတတ်တဲ့စိတ် ဖြစ်ဖို့၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ စဉ်းစားချင့်ချိန်နိုင်ခြင်း ဆိုတဲ့ စိတ်ဓာတ်ဆိုတာက ပညာဗဟုသုတနဲ့ သူတို့ရဲ့ ဗီဇအနေအထား အပေါ် မူတည်နေပြန်ပါတယ်။ လူတွေ စီးပွားရေးမကောင်း၊ စီးပွားရေးမကောင်းတော့ ပညာမသင်နိုင်၊ ဗဟုသုတ ရှာချိန်မရ၊ နှိုင်းယှဉ်စဉ်းစားဖို့ အခြေအနေက မပေး။ သည်လိုအနေအထားတွေက စီးပွားရေး ကြပ်တည်းလို့ ဖိစီးမှု ကြီးမားနေတဲ့အချိန် ဗူးလေးရာ ဖရုံဆင့် ဆိုသလို ဖြစ်စေတော့တာပေါ့။ ကြာတော့လည်း အဲဒီလို လူတွေဟာ ဘာမဟုတ်တဲ့ ပြဿနာလေးကိုပင် စိတ်မထိန်းနိုင်တော့ဘဲ အပြင်းအထန် တုန့်ပြန်မိတဲ့ အထိ ဖြစ်ကြရတော့တာပေါ့။ လူဆိုတာ အခွင့်အလမ်းတွေ ပိတ်သွားတဲ့အခါ မိမိဆန္ဒကို တရားတဲ့နည်းနဲ့ ရှာဖွေ လို့ မရနိုင်တော့တဲ့အခါ အခုလိုပဲ မှားယွင်းတဲ့ နည်းတွေကို အလွယ်တကူ အသုံးပြုတတ်တာ မဆန်းပါဘူး။

ကောင်းပါပြီ။ ဒါဆိုရင် ဒီပြဿနာတွေကို ဘယ်လိုနည်းနဲ့ လျော့ပါးသွားအောင်၊ ပပျောက်သွားအောင် လုပ်ကြ မလဲ။ ဖမ်းဆီး တရားစွဲဆို ပြစ်ဒဏ်ချမှတ်တဲ့နည်းဟာ တစ်ခုတည်းနဲ့ အမှန်အကန်ဆုံးနည်း ဟုတ်ပါရဲ့လား။ တကယ်တော့ ဒီ ကုစားနည်းက ကုစားနည်းတောင် မဟုတ်ပါဘူး။ ဖါတဲ့ ထေးတဲ့ နည်းသဘောပါပဲ။ အဟန့် သဘောပဲ ဖြစ်ပါတယ်။

တကယ်လက်တွေ့ကျပြီး မှန်ကန်တဲ့နည်းက မိမိတို့လူမျိုး စီးပွားရေး ကောင်းမွန်အောင် လုပ်ကြရပါမယ်။ ပညာရေး၊ လူမှုရေးနဲ့ အထွေထွေ ဖြည့်ဆည်းမှုများနဲ့ ထပ်လောင်းကူပံ့ကြရပါမယ်။ ဒါဆိုရင် မိမိတို့လူမျိုး စီးပွားရေး၊ ပညာရေး၊ အစရှိတဲ့ မဟာလိုအပ်ချက်ကို ပြည့်မီအောင် ဦးဆောင်လုပ်ကိုင်ပေးနိုင်မယ့် အစိုးရမျိုး လိုအပ်လာပါတော့တယ်။

မိမိတို့အနေနဲ့ အဲသလိုအစိုးရမျိုးကို ပေါ်ပေါက်လာအောင် မလွဲမသွေ အားထုတ်ကြရပါလိမ့်မယ်။ ဒါဟာ အဖြေပါပဲ။

မိမိတို့လူမျိုး မိမိတို့တိုင်းပြည် ရာဇဝတ်မှုများ လျော့နည်းပပျောက်ရေးဟာ တကယ်တော့လည်း အမယ်ဘုတ်ရဲ့ သူ့ချည်ခင်သဘော ဖြေရှင်းရမလွယ်တဲ့ ပြဿနာမဟုတ်ဘူးဆိုတာ မိမိတို့ ကောင်းကောင်း သဘောပေါက်ကြ ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

Mizzima Weekly

Tags