မန်ယူနည်းပြရာထူးမှ ဘယ်တော့မှနှုတ်ထွက်မည်မဟုတ်ဟု ဗန်ဟားလ်ပြော

မန်ယူနည်းပြရာထူးမှ ဘယ်တော့မှနှုတ်ထွက်မည်မဟုတ်ဟု ဗန်ဟားလ်ပြော

ဇန်နဝါရီ ၂၉၊ မန်ချက်စတာ ။            ။ ဆောက်သန်တမ်ကိုရှုံးသည့်ပွဲပြီးနောက် အမှုဆောင်ဒုဥက္ကဋ္ဌဝုဒ်ဝက်ဒ်ထံနုတ်ထွက်စာတင်ခဲ့သည်ဆိုသောသတင်းများကို ငြင်းဆန်သည့် အနေဖြင့်ဗန်ဟားလ်က မန်ယူအသင်းမှ ဘယ်တော့မှနုတ်မထွက်ဟု ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်စနေနေ့က အိမ်ကွင်းတွင်ဆောက်သမ်တန်ကို ၁-၀ ဂိုးဖြင့်ရှုံးပြီးနောက် ဗန်ဟားလ်နုတ်ထွက်စာတင်ခဲ့သည်ဟု သတင်းများကျယ် ပြန့်စွာထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းများမှာ လွန်စွာစိတ်ပျက်ဖွယ်ကောင်းသည်ဟု ဗန်ဟားလ်ကဆိုခဲ့ပြီး မန်ယူအသင်းတွင်ဆက်နေရန် ဆုံးဖြတ်ထားခြင်းကိုလည်း ထုတ်ပြောခဲ့သည်။

"အလုပ်ကထွက်မှာမဟုတ်ဘူး။ အမြဲတမ်းတိုက်ပွဲဝင်နေတယ်။ ဒီမှာ သုံးနှစ်စာချုပ်ထားတယ်။ တစ်ပွဲတည်းအတွက်မဟုတ်ဘူး။ အဆုံးထိ ဆက်သွားမယ်။ အဲဒီလိုမလုပ်ချင်ဘူးဆိုရင် လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကတည်းက ဒီကိုလာခဲ့မှာတောင်မဟုတ်ဘူး။

ယူနိုက်တက်မှာမှမဟုတ်ဘူး အရင်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့မှာလည်း စာချုပ်ကတည်းက စီအီးအိုတွေပိုင်ရှင်တွေနဲ့ ကျွန်တော် ခပ်ကြာကြာစကားပြောလေ့ရှိတယ်။ ပြီးတော့သူတို့ကျွန်တော့်ကိုအမြဲထောက်ခံခဲ့ကြတယ်လို့လည်း ယုံကြည်တယ်။

ဒါပေမဲ့ အဲဒါကဖိအားပိုများပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်အပေါ်အားပေးတာကို ပြန်ဖြည့်ဆည်းပေးနိုင်ရမယ်။ ကျွန်တော်တို့ ဖြည့်ဆည်းနိုင်စွမ်းလည်းရှိတာပေါ့။ အခုလမ်းတစ်ဝက်ရောက်နေပြီ"ဟု ဗန်ဟားလ်က ပြောသည်။

ဆက်လက်၍ဗန်ဟားလ်က ၎င်းကို သတင်းစာများက ရာထူးမှထုတ်နေသည်မှာ သုံးကြိမ်ရှိနေပြီဖြစ်၍ လေးကြိမ်မြောက်ဖြစ်လာခဲ့လျှင်လည်း နောက်ထပ်ဆုံးရှုံးစရာဘာမှမရှိတော့ဟု ပြောသည်။ "ပြီးရင်တော့ အမှန်ပြန်ရေးကြပေါ့။ ဒါတွေကဖြစ်တတ်ပါတယ်"ဟု ဗန်ဟားလ်ကဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly