အာဖဂန်နစ္စတန် နိုင်ငံရေးအကျပ်အတည်းက ပုဂ္ဂလိကကဏ္ဍအပေါ် ဆိုးဝါးစွာ ထိခိုက်စေခဲ့ဟု ကမ္ဘာ့ဘဏ် ပြော

By The Print
17 April 2022
အာဖဂန်နစ္စတန် နိုင်ငံရေးအကျပ်အတည်းက ပုဂ္ဂလိကကဏ္ဍအပေါ် ဆိုးဝါးစွာ ထိခိုက်စေခဲ့ဟု ကမ္ဘာ့ဘဏ် ပြော

အာဖဂန်နစ္စတန်နိုင်ငံကနေ နေတိုးအုပ်စု ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ ပြန်လည်ထွက်ခွာ သွားပြီးနောက်ပိုင်း ယင်းနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် စီးပွားရေး အကြီးအကျယ် ထိခိုက်ပျက်စီးမှု၏ အဆိုးဆုံး အခြေအနေတစ်ရပ်က ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအပေါ် ကျရောက်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ လေ့လာတွေ့ရှိချက် တစ်ခုတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လက တာလီဘန်တို့ ကဘူးလ်ကို ထိန်းချုပ်ပြီးနောက် နိုင်ငံတွင် စီးပွားရေးလုပ်ငန်း ၃ ခုအနက် ၁ ခုသည် လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းခဲ့ရသည်။

“၂၀၂၁ ခုနှစ် ဩဂုတ်လ နိုင်ငံရေးအကျပ်အတည်းကြောင့် အာဖဂန်နစ္စတန်ရှိ ပုဂ္ဂလိက လုပ်ငန်းများနှင့် အလုပ်အကိုင်များအပေါ် ကျရောက်သည့် ထိခိုက်သက်ရောက်မှုများ” ကို အကဲဖြတ်ရန် ကမ္ဘာ့ဘဏ်သည် ယင်းနိုင်ငံ၌ ပုဂ္ဂလိကကဏ္ဍဆိုင်ရာ အမြန်စစ်တမ်းကောက်ယူမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ယခုတွေ့ရှိချက်သည် အစိတ်အပိုင်းတစ်ခုဖြစ်သည်။

“၂၀၂၁ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတို့မှာ လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းလေ့လာချက်အရ စီးပွားရေးလုပ်ငန်းကိုင်ငန်း လုပ်ဆောင်မှုတွေဟာ ကြီးကြီးမားမား ထိခိုက်မှုတွေနဲ့ ကြုံခဲ့ရတာတွေ ရှိခဲ့သလို ပုဂ္ဂလိက ကဏ္ဍကတော့ ဆိုးဝါးစွာ ထိခိုက်ထားခဲ့တယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

စစ်တမ်း ဖြေဆိုခဲ့သည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ အများစု၏ ပြောဆိုချက်များအရ ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် သုံးစွဲသူ ဝယ်လိုအားပိုင်း သိသိသာသာ ကျဆင်းခြင်း၊ လုပ်ငန်းများကို မဖြစ်မနေ အချိုးကျ ချုံ့ခဲ့ရခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချခဲ့ရခြင်းနှင့် ဝန်ထမ်းများကို အလုပ်ဖြုတ်ခဲ့ရခြင်း တို့နှင့် ကြုံတွေ့ခဲ့ကြရသည်ဟု ပြောခဲ့ကြောင်း စစ်တမ်းတွင် တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly