သြစတြေးလျဝန်ကြီးချုပ် မောရစ်ဆင်က တရုတ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှုကြောင့် ဆော်လမွန်ကျွန်းစုများသို့ ဝန်ကြီးစေလွှတ်

သြစတြေးလျဝန်ကြီးချုပ် မောရစ်ဆင်က တရုတ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှုကြောင့် ဆော်လမွန်ကျွန်းစုများသို့ ဝန်ကြီးစေလွှတ်

အင်ဒိုပစိဖိတ်ဒေသတွင် တရုတ်စစ်တပ် တပ်စွဲခြင်းကို ခွင့်ပြုပေးမည့် ဆော်လမွန်ကျွန်းစုနှင့် တရုတ်နိုင်ငံတို့အကြား လုံခြုံရေး သဘောတူညီချက်အပေါ် စိုးရိမ်မှုဖြစ်ပေါ်လာခြင်းကြောင့် သြစတြေးလျဝန်ကြီး ဇက်ဆက်ဆယ်ဂျာသည် အဆိုပါနိုင်ငံ၏ ခေါင်းဆောင်နှင့် တွေဆုံကာ ဒေသကို မတည်မငြိမ်ဖြစ်စေသည့် တရုတ်၏ တိုးမြှင့်လာသောစစ်ရေးလှုပ်ရှားမှုများကို သတိပေးခဲ့သည်။

ဧပြီ ၁၂ ရက်အစောပိုင်းက သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဆော်လမွန်ကျွန်းစုတွင် စစ်အခြေစိုက်စခန်းတည်ဆောက်မည့် တရုတ်၏အလားအလာကို ရှုတ်ချခဲ့သည်။ သြစတြေးလျအစိုးရသည် သံတမန်ရေးရာ တင်းမာမှုများအပေါ် ချောမွေ့စေရန် ကြိုးပမ်းနေချိန်တွင် ပစိဖိတ်ရေးရာဝန်ကြီး ဇက်ဆက်ဆယ်ဂျာသည် ဆော်လမွန်ကျွန်းမြို့တော်သို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း news.com.au တွင် ဖော်ပြထားသည်။

တရုတ်သည် ၎င်း၏တပ်များ ဗျူဟာမြောက်ဖြည့်ဆည်းရေးအတွက် ကျွန်းနိုင်ငံကို ခရီးတစ်ထောက်အဖြစ် အသုံးချနိုင်သောကြောင့် ဩစတြေးလျနှင့် နယူးဇီလန်တို့သည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှု တိုးမြင့်လာမှုနှင့် ဩဇာလွှမ်းမိုးမှုတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီး မရိစ်ပိန်းနှင့် ဆော်လမွန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီမနယ်လီ တို့အကြား ဆွေးနွေးမှုများ အပါအဝင် ဆော်လမွန်ကျွန်းနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုရှိကြောင်း အထက်လွှတ်တော်အမတ် ဆက်ဆယ်ဂျာက ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းစုသည် လုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် သြစတြေးလျနှင့် နယူးဇီလန်နှစ်နိုင်ငံစလုံးသည် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဘာနက်ဘီဂျိုက်က တရုတ်၏ ရည်ရွယ်ချက်မှာ ဩစတြေးလျကို ခြိမ်းခြောက်ရေးအတွက် ဆော်လမွန်ကျွန်းစုတွင် ရေတပ်စခန်းတစ်ခု တည်ဆောက်ရန် ဖြစ်သည်ဟု ဆိုသည်။

တရုတ်သည် ဆော်လမွန်ကျွန်းစုများတွင် ၎င်း၏စစ်တပ်အရေအတွက်နှင့် သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် စိတ်ဝင်စားနေပြီး ယင်းသဘောတူညီချက်အရ ရဲတပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့များကို စေလွှတ်နိုင်မည်ဖြစ်ကြောင်း Washington Times ဖော်ပြခဲ့သည်။

ဆော်လမွန်ကျွန်းစုများပေါ်တွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို လျော့ပါးစေရန်အတွက် သြစတြေးလျသည် ကျွန်းများသို့ အခြေခံအဆောက်အဦရန်ပုံငွေများကဲ့သို့သော အကူအညီများကို မကြာခဏ ပံ့ပိုးပေးခဲ့သည်။ သို့သော် ဆော်လမွန်ကျွန်းစုသည် တရုတ်၏ အရိပ်အောက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာနေပြီဖြစ်ကြောင်း တရုတ်နှင့်သဘောတူညီချက်များ ချုပ်ဆိုထားသော စာချုပ်များက ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly