ကမ္ဘာအနှံ့ လုပ်ရပ်များအတွက် တရုတ်အနေဖြင့် တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည်ဟု အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

ကမ္ဘာအနှံ့ လုပ်ရပ်များအတွက် တရုတ်အနေဖြင့် တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည်ဟု အမေရိကန် အထက်လွှတ်တော်အမတ် ပြောကြား

ရုရှားကို ထောက်ခံမှုနှင့် ထိုင်ဝမ်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လုပ်ရပ်များအတွက် တရုတ်အား ကြီးကြီးမားမား ပေးဆပ်စေလိုကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် လင်ဆေးဂရေဟမ်က ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဂရေဟမ်သည် လက်ရှိတွင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဘော့မန်နန်ဒက် ဦးဆောင်သော အမေရိကန်လွှတ်တော်အမတ် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ထိုင်ဝမ်သို့ ရောက်ရှိနေသည်။ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ချူကောင်ချန်းတို့နှင့် ဆွေးနွေးရန် ကြိုတင်ကြေညာခြင်းမရှိဘဲ ထိုင်ဝမ်သို့ လာရောက်ခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

“ကမ္ဘာတစ်ဝန်းလုံးမှာ တရုတ်အနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် ကြီးကြီးမားမားပေးဆပ်ရအောင် ကျွန်တော်တို့ စတင်လုပ်ဆောင်နေပါပြီ။ ရုရှားသမ္မတဗလာဒီမာပူတင်ကို ထောက်ခံတာကလည်း မကောင်းတဲ့အကျိုးဆက်ရှိပါတယ်။ ထိုင်ဝမ်ရဲ့ စီးပွားရေးနဲ့ ပြည်သူတွေအပေါ် ကွန်မြူနစ်တရုတ်တွေရဲ့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ပေးဆပ်ဖို့လိုအပ်လာပါလိမ့်မယ်” ဟု သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံစဉ် ဂရေဟမ်က ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်နှင့်အမေရိကန်အကြား ဆက်ဆံရေး အခြေခံအုတ်မြစ်ကို ဆိုးရွားစွာ ဖြတ်တောက်နေကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချီယန်းက ဧပြီ ၁၅ ရက်တွင် ပြောသည်။

အမေရိကန်လွှတ်တော်အမတ်များ၏ ခရီးစဉ်နှင့်ပတ်သက်၍ ထင်ကြေးပေးမှုများသည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး အဆိုပါ ခရီးစဉ်ကို ပြီးခဲ့သော သီတင်းပတ်တွင် ကနဦးက မျှော်လင့်ထားခဲ့သည်။ သို့သော်အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။

တရုတ်နိုင်ငံသည် အမေရိကန်အား ထိုင်ဝမ်နှင့် တရားဝင် အဆက်အသွယ်များ ဆက်လက်ထားရှိမှုအတွက် အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်များသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိပါးကာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို လှုံ့ဆော်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required