တရုတ်အဆင့်မြင့် တိုက်လေယာဉ် J-20 အရှေ့နှင့် တောင်တရုတ်ပင်လယ်ပြင်တွင် ကင်းလှည့်

တရုတ်အဆင့်မြင့် တိုက်လေယာဉ် J-20 အရှေ့နှင့် တောင်တရုတ်ပင်လယ်ပြင်တွင် ကင်းလှည့်

အငြင်းပွားပင်လယ်ပြင်တွင် တင်းမာမှုများ တိုးမြင့်လာနိုင်သည့် လှုပ်ရှားမှုအဖြစ် တရုတ်နိုင်ငံသည် ၎င်း၏အဆင့်မြင့်ဆုံး တိုက်လေယာဉ် J-20 ဖြင့် အရှေ့နှင့် တောင်တရုတ်ပင်လယ်အတွင်း စတင်ကင်းလှည့် လိုက်သည်။

J-20 တိုက်လေယာဉ်များ ဖြန့်ကြက်ချထားခြင်းသည် တရုတ်၏ စစ်ရေးစွမ်းရည်များတိုးမြင့်လာခြင်းနှင့် နယ်မြေအငြင်းပွားမှုတွင် ပါဝင်ပတ်သက်သည့် အခြားနိုင်ငံများကို သတိပေးခြင်း စသည့် အချက်နှစ်ချက်ကို ပြသသည်ဟု CNN က ဖော်ပြသည်။

J-20 အစီး ၂၀၀ ခန့် ရှိသည်ဆိုသော တရုတ်လေတပ် (PLAAF) သည် ရေဒါခြေရာမခံနိုင်သည့် လေယာဉ်အသုံးပြုနိုင်မှုတွင် စံပြနိုင်ငံဖြစ်သည့် အမေရိကန်ကဲ့သို့ပင် ယင်းကဲ့သို့ တိုက်လေယာဉ်အုပ်စုကို ပုံမှန်အသုံးပြုနေကြောင်း သြစတြေးလျနိုင်ငံ Griffith Asia Institute မှ ဧည့်ပညာရှင် ပီတာလေတန်က ပြောသည်။

တရုတ်နိုင်ငံ၏ အရှေ့နှင့် တောင်တရုတ်ပင်လယ်ရှိ လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် မည်သည့်နိုင်ငံခြားစစ်လေယာဉ်မဆို J-20 မှ ကြားဖြတ်ဟန့်တားနိုင်တော့မည်ဖြစ်ကြောင်း တရုတ်က ကမ္ဘာသို့ သတိပေးလိုက်ခြင်းလည်းဖြစ်သည်ဟု ပီတာကဆိုသည်။

အဆိုပါ တပ်ဖြန့်မှုသည် တရုတ်၏ ဝေဟင်ပိုင်နက်လုံခြုံရေးနှင့် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများကို ပိုမိုကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများကို ကိုးကား၍ တရုတ်နိုင်ငံပိုင်သတင်းစာ Global Times က ဖော်ပြသည်။

J-20 ထုတ်လုပ်သည့် နိုင်ငံပိုင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ရန်ယူကွန်က ကင်းလှည့်မှုများ စတင်လုပ်ဆောင်ရန် တရုတ်အင်ဂျင်များ တပ်ဆင်ထားသည့် အဆိုပါ ဂျက်လေယာဉ်များအနေဖြင့် လေ့ကျင့်ရေးလုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ကြောင်း Global Times က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်း၏ အချုပ်အခြာပိုင်နက်အဖြစ် တောင်းဆိုထားသည်။ ကျွန်းများကို စစ်အခြေစိုက်စခန်းများနှင့် လေယာဉ်ကွင်းများအဖြစ်သို့ ပြောင်းလဲကာ ရာနှင့်ချီသော ရေယာဉ်များပါနိုင်သော ရေကြောင်းပြည်သူ့စစ်များ ဖန်တီးလျက် ထိုနေရာတွင် ၎င်း၏ အဆောက်အအုံများကို တည်ဆောက်ကာ စစ်ရေးအတွက် အသုံးပြုနိုင်ရန် လုပ်ဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly