ထိုင်ဝမ်နှင့် ဆက်သွယ်မှုအားလုံး အဆုံးသတ်ရန် တရုတ်က အမေရိကန်ကို တိုက်တွန်း

ထိုင်ဝမ်နှင့် ဆက်သွယ်မှုအားလုံး အဆုံးသတ်ရန် တရုတ်က အမေရိကန်ကို တိုက်တွန်း

တရုတ်အစိုးရသည် ထိုင်ဝမ်ကို ခွဲခြားမရသော အစိတ်အပိုင်းအဖြစ် ရှုမြင်ထားပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့် တရားဝင် ဆက်သွယ်မှုများအားလုံးကို ရပ်တန့်ရန် တရုတ် နိင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက တိုက်တွန်းခဲ့ကြောင်း Sputnik သတင်းက ဖော်ပြခဲ့သည်။

အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဘော့မန်နန်ဒက် ဦးဆောင်သော အမေရိကန် လွှတ်တော်အမတ် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် ကာကွယ်ရေးဝန်ကြီး ချူးကောင်းချန်တို့နှင့်တွေ့ဆုံဆွေးနွေးရန် ဧပြီ ၁၄ ရက်က အလွတ်သဘော သွားရောက်လည်ပတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

အမေရိကန်-တိုင်ပေ ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် ဒေသတွင်း လုံခြုံရေးတို့အပေါ် နှစ်ဖက် အမြင်ချင်းဖလှယ်ရန် မျှော်လင့်ထားကြောင်း ထိုင်ဝမ်သတင်းဌာန CNA က ဖော်ပြသည်။

"တရုတ်က အမေရိကန်နဲ့ ထိုင်ဝမ်ဒေသကြား တရားဝင် အပြန်အလှန်ဆက်ဆံမှုပုံစံဟူသမျှကို ပြတ်ပြတ် သားသား ကန့်ကွက်ပါတယ်။ အမေရိကန် ကွန်ဂရက်အဖွဲ့ဝင်တွေဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒနဲ့ အညီ ဆောင်ရွက်သင့်ပါတယ်" ဟု ကျောင်လီကျန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျောင်လီကျန်းက နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်ရန် တရုတ်အစိုးရ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယခုအလည်အပတ်ခရီးသည် အမေရိကန် ကွန်ဂရက်တွင် ထိုင်ဝမ်ကို နှစ်ပါတီစလုံးက ထောက်ခံကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly