ယူကရိန်းတွင် ရုရှား၏ တိုက်ခိုက်မှုကို တရုတ်က ကူညီရပ်တန့်ပေးရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တိုက်တွန်း

ယူကရိန်းတွင် ရုရှား၏ တိုက်ခိုက်မှုကို တရုတ်က ကူညီရပ်တန့်ပေးရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တိုက်တွန်း

ယူကရိန်းတွင် ရုရှားက ဆင်နွှဲနေသည့် ကြမ်းကြုတ်သော စစ်ပွဲကို အဆုံးသတ်ရန် တရုတ်က အကူအညီပေးသင့်ကြောင်း သို့မဟုတ်ပါက ကမ္ဘာတွင် တရုတ်အနေအထားကို ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလန်က ဧပြီ ၁၃ ရက်တွင် ပြောကြားခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို လျော့ပါး စေရန် ကြိုးပမ်းသူများသည် စီးပွားရေးအကျိုးဆက်များနှင့် ကြုံတွေ့ရနိုင်ကြောင်းလည်း သတိပေး ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ရုရှားကို ဆွဲဆောင်ရန် တရုတ်က ရုရှားနှင့် ရှိနေသည့် အထူးဆက်ဆံရေးကို အသုံးပြုမည်ဟု ထက်ထက်သန်သန် မျှော်လင့်ထားကြောင်း ယဲလန်က အထင်ကရ မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး စစ်ပွဲနှင့် ပတ်သက်ပြီး “ခြံစည်းခွထိုင်သည့် နိုင်ငံများ” သည် အမြင်ကျဉ်းမြောင်းသူများဖြစ်ကြောင်း ဆိုခဲ့သည်။

"တရုတ်အပေါ် ကမ္ဘာ့သဘောထားနဲ့ နောက်ထပ် စီးပွားရေး ပေါင်းစည်းမှုကို လက်ခံလိုစိတ်က ရုရှားအပေါ် ပြတ်ပြတ်သားသား အရေးယူဖို့ တောင်းဆိုချက်အပေါ်မှာ တရုတ်ရဲ့ တုံ့ပြန်မှု ကောင်းကောင်းကြီး သက်ရောက်နိုင်ပါတယ်" ဟု ဝါရှင်တန်ရှိ ပညာရှင်အဖွဲ့ဖြစ်သော အတ္တလန်တိတ်ကောင်စီတွင် ယဲလန်က ပြောကြား ခဲ့သည်။

အဆိုပါ မှတ်ချက်တွင် တရုတ်သည် အနောက်နိုင်ငံများမှ အကျိုးအမြတ်များသော စီးပွားရေး ဆက်ဆံရေးကို ပိုင်ဆိုင်ထားသဖြင့် ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချပြီး အနောက်ဒီမိုကရေစီနိုင်ငံများနှင့် ရပ်တည်ရန် အမေရိ ကန်အစိုးရ၏ တောင်းဆိုမှုကို ပေါ်လွင်စေသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဧပြီ ၁၁ရက်တွင် ရုရှားရေနံများ ပိုမိုဝယ်ယူခြင်းသည် အိန္ဒိယ၏ အကျိုးစီးပွားအတွက် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရှေ့ဆက်ပြီး တရုတ်နှင့် အနောက်နိုင်ငံများအတွက် စီးပွားရေးပြဿနာများကို ပိုမိုကျယ်ပြန့်သော အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများမှ ခွဲထုတ်ရန် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း ယဲလန်က ပြောကြား ခဲ့သည်။

ယူကရိန်းတွင် ယင်းအခြေခံမူများကို လေးစားလိုက်နာရန် ပျက်ကွက်ပါက တရုတ်၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ တရုတ်၏ နောင်လာမည့် တောင်းဆိုချက်ကို ကမ္ဘာက လေးစားရန် မျှော်လင့်နိုင်မည် မဟုတ်ကြောင်း သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly