ဒီလောက်ကောင်းတဲ့ အစိုးရ ဘာဖြစ်လို့ ပြုတ်သလဲ

ဒီလောက်ကောင်းတဲ့ အစိုးရ ဘာဖြစ်လို့ ပြုတ်သလဲ

သမ္မတဦးသိန်းစိန်က သမ္မတသက်တမ်း ငါးနှစ်အတွင်း နောက်ဆုံးအကြိမ်အဖြစ် ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၁၆၊ ဇန်နဝါရီ ၂၈ က ပြောကြားခဲ့သည်။ ပြောသမျှ ကို အကြားနှင့် ယေဘုယျ သုံးသပ်သော် ဒီလောက်ကောင်းသော သမ္မတနှင့် သူဦးဆောင်သည့် အစိုးရသည် မြန်မာနိုင်ငံတွင် တစ်ခါဖူးမျှ မရှိခဲ့သကဲ့သို့ပင် ကောင်းသောခံစားမှုကို ဖြစ်ပေါ်စေသည်။ သို့ရာတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ သူဦးဆောင်သော ပါတီနှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ အရှုံးကြီးနှင့် ယှဉ်ဆိုင်လိုက်ရသည်။

အံ့သြစရာ မကောင်းပါပေ၊ စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ယင်းဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ပုံကိုင်ပုံ၊ တွေးပုံခေါ်ပုံ၊ စဉ်းစားပုံ ဆုံးဖြတ်ပုံတို့သည် စစ်အစိုးရလက်ထက်နှင့်များစွာ မခြားနားပေ။ မနေ့တစ်နေ့ကမှ ဖြစ်ပွား ခဲ့သော ကျူးကျော်များကို ဖြေရှင်းမှုကို ကြည့်ပါလျှင် ရှင်းလင်းသည့်အဖြေကို မြင်ကြရမည်ဖြစ်သည်။ ထိုသို့သော အစိုးရမျိုးကို ပြည်သူများက တစ်ကြိမ်တည်းနှင့် လက်လန်သွားသည်မှာလည်း သဘာဝ ကျပါသည်။ ထုံးစံအတိုင်းပင် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတက နှုတ်ဆက်မိန့်ခွန်းမှာပင် ခပ်တည်တည် နှင့် ယခုကဲ့သို့ အပေါ်စီးက ပြောခဲ့သည်။

“၂၀၁၅ ရွေးကောက်ပွဲကနေ ဘယ်ပါတီပဲနိုင်နိုင် ဒီမိုကရေစီ အစခရီးဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ် မှာရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ရရှိစေ ဖို့အတွက် အခြေခံကောင်းများ တည်ဆောက်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့် အနေနဲ့ သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ရရှိရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ ထပ်မံအနိုင်ရရှိရေးထက် ပိုပြီးကျယ်ပြန့်မြင့်မားတဲ့ ရည်မှန်းချက်လည်း ဖြစ်ပါ တယ်။ ဒါဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အကျိုးစီးပွားထက် ပိုပြီးမြင့်မားတဲ့ အမျိုးသားနိုင်ငံရေး ရည်မှန်းချက်လည်းဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာ ဖို့အတွက် အဓိကကျတဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်သည် ၎င်းတို့အစိုးရလက်ထက် ငါးနှစ်စာဆောင်ရွက်ချက်များကို ခြုံငုံသုံး သပ် ပြောဆိုရသည်ဖြစ်ရာ အချိန်ယူပြောဆိုသွားသကဲ့သို့ ကြော်ငြာဆန်ဆန် အကောင်းဘက်ကချည်း များများ စားစားပြောဆိုခဲ့သည်။ အစိုးရအဖွဲ့ခေါင်းဆောင်တို့၏ထုံးစံအတိုင်း အောင်မြင်မှုများများ စားစားကို ပြောရသော်လည်း မအောင်မြင်သော လုပ်ငန်းများ၊ အခြေအနေများက ဒုနှင့်ဒေး ရှိနေ သည်သာဖြစ် သည်။ လက်ရှိတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းဆောင် ရွက်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များ အကျဉ်းကျနေဆဲဖြစ်သည်။ တိုင်းရင်းသားတို့ ရာစုနှစ်ဝက်ကျော်ကြာ လိုလားနေသော ငြိမ်းချမ်းရေးကလည်း သတ်မှတ် အချိန်ဇယားအတိုင်း အလုပ်တစ်ခု ပြီးစီးရုံသာ ခရီးပေါက်ခဲ့သည်။ မြန်မာအလုပ်သမားများ အလုံးအရင်းနှင့် ပြည်ပသို့ ထွက်ခွာနေရဆဲဖြစ်သည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲနှုန်းက ဈေးနှုန်းမြင့်မားနေပြီး၊ ကုန်စည်ဈေးနှုန်းများကလည်း ယခင်ကထက် ပို၍ မြင့်မားခဲ့သည်။ ဒီမိုကရေစီကို သွားသည်ဆိုသော်လည်း ထစ်ကနဲဆိုလျှင် ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး၊ ပြစ်မှုကြီးများက ယခင်ကထက် ပိုမိုများပြားလာခဲ့သည်မှာ ယခင် ခေတ်က လူဆိုးသူခိုးများကြောက်ရသည့် အနေအထားမှ ရဲမနိုင်သည့်အဆင့်ပင် ရောက်ရှိခဲ့သည်။ မီဒီယာများကို ဖြေလျော့မှုလုပ်ပေးခဲ့သည်ဆိုသော်လည်း သတင်းစာနှင့်ဂျာနယ်များ တစ်စောင်ပြီး တစ်စောင် ရပ်ဆိုင်းကုန်သည်။

အစိုးရသက်တမ်းမကုန်မီလေးတွင်ပင် အစိုးရပိုင် မြေယာနှင့် အဆောက်အဦးများကို လက်သိပ်ထိုးလွှဲပြောင်းခြင်း၊ စက်ရုံများကို စစ်တပ်အောက်သို့ ထိုးသွင်းခြင်း၊ အစိုးရဝန်ကြီးဌာနများ ပေါင်းစပ်ရန် ချက်ချင်းလက်ငင်းအကြံထုတ်လာခြင်း စသည်တို့ကို အပြေးအ လွှား လုပ်ခဲ့လေသည်။ အဆိုးဆုံးမှာ အစိုးရလုပ်သမျှကို ပြည်သူများက ဘာမှမသိဘဲ လုပ်သမျှခံနေရ ခြင်း ဖြစ်သည်။

အကယ်၍ သမ္မတဦးသိန်းစိန် ပြောခဲ့သကဲ့သို့ အခက်အခဲနှင့် စိန်ခေါ်မှုများရှိသည့်ကြားမှ ကောင်းတာချည်းဖြစ်အောင် သည်းခံစိတ်ရှည်ပြီး လုပ်ကိုင်ခဲ့သည်ဆိုလျှင် ထိုသမ္မတမျိုးနှင့် ထိုသမ္မတ မျိုးကို မွေးဖွားပေးခဲ့သော အာဏာရပါတီကို နောက်တစ်ကြိမ် ပြည်သူများက ဘာကြောင့် မရွေးချယ်ခဲ့ သနည်းဆိုသည့် မေးခွန်းသည် ပေါ်ပေါက်ရန် အကြောင်းမရှိဟု မဇ္ဈိမက ယူဆသည်။ ယခုမူ သမ္မတ ဦးသိန်းစိန်ကား ငါးနှစ်ကြာ သက်တမ်းတစ်ကြိမ်တည်းနှင့် သမ္မတအိမ်တော်မှ ဆင်းရမည် ဖြစ်သည်၊ သို့သော် လာလတ္တံသော အစိုးရများ၏ လုပ်ဆောင်ချက်များကို မြင်တွေ့ခံစားနိုင်ရန် သက်တော်ရာ ကျော် ရှည်စေသတည်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly