ရုရှက ကြံရာမရသည့်အဆုံး နျူကလီးယားလက်နက် သုံးလာနိုင်ဟု ယူကရိန်း သမ္မတ ပြော 

ရုရှက ကြံရာမရသည့်အဆုံး နျူကလီးယားလက်နက် သုံးလာနိုင်ဟု ယူကရိန်း သမ္မတ ပြော 
Photo - AFP

ဧပြီ ၁၆

CIA ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ်၏ မှတ်ချက်စကားကို ထပ်တူပြုရင်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ရုရှနိုင်ငံသည် ၎င်း၏ ကျူးကျော်စစ် ရှေ့မတိုးနိုင်ဘဲ တန့်နေခြင်းကြောင့် ကြံရာမရသည့်အဆုံး နျူကလီးယားလက်နက် သုံးလာနိုင်သည်ဟု သောကြာနေ့တွင် ပြောလာသည်။ 

နျူကလီးယား လက်နက် သို့မဟုတ် ဓာတုလက်နက်အချို့အကြောင်း ရုရှက စတင်ပြောဆိုလာခြင်းကို တစ်ကမ္ဘာလုံးအနေဖြင့် စိုးရိမ်ပူပန်သင့်သည်ဟု ခြိမ်းခြောက်မှုအကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ဇယ်လန်စကီးက ပြန်လည်ဖြေဆိုခြင်း ဖြစ်သည်။ 

“သူတို့က ဒါကို လုပ်လာနိုင်တယ်၊ ကျွန်တော် ဆိုလိုတာက သူတို့မှ လုပ်နိုင်စွမ်း ရှိတယ် ဆိုတာပဲ”ဟု ၎င်းက CNN သတင်းဌာနသို့ ပြောသည်။ “သူတို့အတွက်တော့ လူတွေရဲ့ အသက်ဟာ ဘာမှ အရေးမပါဘူး၊ တွေးတော့ မပူကြပါနဲ့၊ အဆင်သင့် ပြင်ဆင်ထားဖို့ပဲ လိုတယ်”ဟု ၎င်းက ပြောသည်။ 

ရုရှ၏ တိုက်ပွဲဖော်ဆောင်မှု တန့်ရပ်လျက်ရှိနေခြင်းကြောင့် သမ္မတ ဗလာဒီမာ ပူတင်က တာတိုပစ် နျူကလီးယားလက်နက် ဖြန့်ကြက်လာနိုင်သည့် ဘေးအန္တရာယ်မှာ ပို၍ မြင့်မားစေသည်ဟု ဝီလီယံ ဘန်းစ်က ကြာသပတေးနေ့တွင် ပြောခဲ့ခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှု စတင်ပြီး ရက်တိုအတွင်းမှာပင် နျူကလီးယား တပ်ဖွဲ့အား တပ်လှန့်ထားရှိကြောင်း ရုရှက ပြောထားခြင်း ဖြစ်သော်လည်း ပုံမှန်မဟုတ်သော နျူကလီးယား လှုပ်ရှားမှုနှင့် ပတ်သက်ပြီး မည်သည့် လက္ခဏာမျှ မတွေ့ရကြောင်း အမေရိကန်က ပြောသည်။ 

ရုရှ၏ စစ်ရေးအယူအဆတွင် စစ်ပွဲ၌ လက်ဦးမှု ယူနိုင်ရေး နျူကလီးယား လက်နက်ငယ်များ ပစ်လွှတ်ခြင်း အခြေခံမူကို ထားရှိထားသည်။ 

တတိယကမ္ဘာစစ်သို့ ဦးတည်ပြီး နျူကလီးယား ထိပ်တိုက်တွေ့မှု ဖြစ်လာနိုင်ခြေရှိခြင်းကို ရှောင်ရှားနိုင်ရေးအတွက် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် အလွန်စိုးရိမ်ပူပန်လျက် ရှိသည်ဟု ဘန်းစ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly