ဧပြီ ၁၆
ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုများကို ဖျာပုံခရိုင်ဧရာဗေဒါတပ်ဖွဲ့ နှင့် The Sacrifice Defence Of Pyapon တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဗေဒါ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မနက် ၇ နာရီ ၃၉ မိနစ်လောက်မှာ ဖျာပုံ
ပထမလမ်းမှာရှိတဲ့ စည်ပင်သာယာရုံးကို တစ်လုံးအရင်ခွဲတယ်။ ၇ နာရီ ၄၂ မိနစ်လောက်မှာ ရုံးကြီးလမ်းက စစ်ခွေး(စစ်ကောင်စီတပ်)တွေရဲ့ ဗဟိုမဏ္ဍပ်အနားမှာ နောက် တစ်လုံးထပ်ခွဲခဲ့တာပါ။ ဗဟိုမဏ္ဍပ်နားမှာကွဲတဲ့အလုံးကတော့ ထိခိုက်တဲ့သူများတယ်လို့သိရတယ်။ အစကတော့ ဗဟိုမဏ္ဍပ်အောက်က နေတည်ခွဲပြီး စင်ပါဖြိုချမလို့ပဲ။ အနီးနားက ပြည်သူတွေအများကြီး ထိခိုက်မှာစိုးရိမ်လို့ ခပ်လှမ်းလှမ်းကပဲ ခွဲလိုက်ပါတယ်"ဟု ၎င်းကဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ငါးဦးခန့်ရှိသော်လည်း ထိခိုက်သူများအကြောင်း အတိအကျ မသိရှိရသေးကြောင်း ဧရာဗေဒါတပ်ဖွဲ့ဝင်ကပြောသည်။
ပေါက်ကွဲမှုများအပြီးတွင် လူနာတင်ကားများရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ဖျာပုံဆေးရုံ သို့ခေါ်ဆောင်သွားကြောင်း၊ စစ်ကောင်စီတပ်များနှင့် ရဲများက လက်နက်အင်အားများဖြင့် မြို့ဝင်မြို့ထွက် ဂိတ်ဘက်သို့ ထွက်သွားကြကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။