မြောင်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ဖြန့်ဖြူးရောင်းချသူများကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီး

မြောင်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ဖြန့်ဖြူးရောင်းချသူများကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီး

ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးနှင့်ပတ်သက်သူ သုံးဦးကို မြောင်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမိထားသည်ဟု သိရသည်။

ဧပြီလ ၁၄ရက်နေ့က မြောင်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးရောင်းချသူတစ်ဦး၊ သုံးစွဲနေသူတစ်ဦးနှင့် ဖြန့်ဝေသူတစ်ဦးတို့ကို ပန်းရောင်ဆေးပြား၁၈၀ပြား၊အစိမ်းရောင်ဆေးပြားသုံးပြား၊သုံးစွဲလက်စ ပိုက် ၊ ဆေးပြားတစ်ပြားနှင့် ငွေသား ၄၀၇,၀၀၀ ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ်ပြည်သူကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“အရောင်းအဝယ်လုပ်နေတယ်ဆိုပြီး ပြည်သူတွေဆီက တိုင်ချက်ရတယ်။ အဲ့ဒီတိုင်ချက်နောက်ကို လိုက်ပြီး ဖမ်းလိုက်တာဖြစ်ပါတယ်” ဟုဆိုသည်။

ဖမ်းဆီးမှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၊ပြည်သူ့တပ်မတော်မြောင်၊PDF- TALOKE(မြင်းခြံခရိုင်တပ်ရင်း-၂)နှင့် စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊(၂)တပ်ခွဲ(၃)တို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသူသုံးဦးကို လက်ရှိအချိန်တွင် ထိပ်တုံးခတ် ထိန်းသိမ်းထားလျက်ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရထံသို့ တင်ပြထားကာ ၎င်းတို့၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

မြောင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်ခြင်းအပြင် နယ်မြေအတွင်း စာသင်ကြားရေးများဆောင်ရွက်ခြင်း၊ခရီးသွားလာမှုများကို စစ်ဆေးခြင်း ၊ ဒလန်များကိုသတိပေးခြင်းနှင့် ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းတို့ထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာတွင် ပြည်သူလူထု၏ အင်အားဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အခြားတော်လှန်ရေးအဖွဲ့များသည် ၎င်းတို့၏ နယ်မြေဒေသအလိုက်စိုးမိုးမှုများရှိလာပြီး စစ်ရှောင်များကို ကူညီခြင်းအပြင် နယ်မြေအတွင်း အုပ်ချုပ်ရေးများကိုပါ ဆောင်ရွက်နိုင်လာကြသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံး ဧရိယာ၏ ၁၀ရာခိုင်းနှုန်းကျော် စိုးမိုးထားလျက်ရှိနေကြောင်း မဇ္ဈိမကို ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

အဆိုပါစိုးမိုးထားသောဧရိယာများအတွင်းတွင် စစ်ကိုင်းတိုင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မြောင်မြို့နယ်

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#မူးယစ်ဆေးဝါးဖမ်းမိ

#NUGအစိုးရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required