ဒုံးကျည်ပစ်ခတ်မှုကြောင့် ရုရှစစ်သင်္ဘောပေါ် လိုက်ပါသူ အမှုထမ်း ၅၁၀ လုံး သေဆုံးဟု ယူကရိန်း ပြော 

ဒုံးကျည်ပစ်ခတ်မှုကြောင့် ရုရှစစ်သင်္ဘောပေါ် လိုက်ပါသူ အမှုထမ်း ၅၁၀ လုံး သေဆုံးဟု ယူကရိန်း ပြော 

ဧပြီ ၁၆

ရုရှပင်လယ်နက်က Moskva စစ်သင်္ဘောကို ဒုံးကျည်တိုက်ခိုက်ခဲ့ရာတွင် သင်္ဘော ကပ္ပတိန်အပါအဝင် ယာဉ်ပေါ်ရှိ အမှုထမ်း ၅၁၀ စလုံး သေဆုံးကြောင်း ယူကရိန်းက ပြောသည်။ 

အဆိုပါ သင်္ဘောပေါ်မှ သေဆုံးသူများအတွက် ဧပြီ ၁၅ ရက်တွင် အောက်မေ့ဖွယ်အမှတ်တရ ပြုလုပ်ရာတွင် ရုရှအာဏာပိုင်များက တင်းကျပ်ထိန်းချုပ်ခြင်းများ လုပ်ဆောင်လာခြင်းကို သေဆုံးသူများ၏ ဆွေမျိုးသားချင်းများက အာခံဖီဆန်ကြသည်။ 

ဆိုဗီယက်ခေတ် ကရူဇာသင်္ဘောကို ယူကရိန်းက ဒုံးကျည်တိုက်ခိုက်ခဲ့သည်ဟု ယူဆကြောင်း အမေရိကန်က ပြောလာပြီးနောက် ယူကရိန်းဘက်က ယခုကဲ့သို့ သင်္ဘောပေါ် လိုက်ပါသူအားလုံး သေဆုံးသည်ဟု ပြောလာခြင်းပဲ ဖြစ်သည်။  

ရုရှကာကွယ်ရေးဝန်ကြီးဌာနကမူ သင်္ဘောပေါ်တွင် မီးလောင်မှုကြောင့် ကြာသပတေးနေ့ ညပိုင်းက နစ်မြုပ်ခဲ့သည်ဟု အတည်ပြုထားသည်။ 

ကမ်းခြေမှနေ၍ Moskva သင်္ဘောကို ဒုံးကျည်ပစ်ခတ်ခဲ့ရာ ဆိုဗီယက်ခေတ် ယင်းသင်္ဘော ထိမှန်ပျက်စီးသည်ဟု ယူကရိန်းက ပြောထားခြင်း ဖြစ်သည်။ သို့ရာတွင် ရုရှကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှသတင်းအေဂျင်စီများက ဖော်ပြရာ၌မူ လှိုင်းထန်သည့် ပင်လယ်၌ သင်္ဘောပေါ်ပါရှိသည့် လက်နက်ခဲယမ်းများတွင် မီးလောင်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ 

အဆိုပါ သင်္ဘော ပျက်စီးဆုံးရှုံးရမှုကို ရုရှက အစောပိုင်း၌ လျှော့ချပြောဆိုရန် ကြိုးစားခဲ့ပြီး Moskva သင်္ဘောသည် ရေပေါ် ပေါ်နေဆဲဖြစ်ကာ ဆိပ်ကမ်းသို့ ပြန်လာပြီဖြစ်ကြောင်း အတည်ပြုပြောဆိုခြင်းများ ရှိခဲ့သည်။ အခြားသော ပင်လယ်နက်က ရေယာဉ်စုဖြင့် သင်္ဘောပေါ်က အမှုထမ်းများကို ကယ်ထုတ်ခဲ့ကြောင်းလည်း ရုရှက ကြေညာခဲ့သည်။ 

ယူကရိန်း ပစ်ခတ်ခဲ့သော ဒုံးကျည်မှာ Neptune သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းဖြစ်သည်ဟု အမည်မဖော်သော အမေရိကန်အကြီးတန်း တာဝန်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောသည်။ အရေအတွက် အတိအကျ မသိရသော်လည်း သင်္ဘောပေါ်တွင် သေကျေပျက်စီးမှု များ ရှိနိုင်သည်ဟု အမေရိကန်က ယူဆထားကြောင်း ယင်းတာဝန်ရှိသူက ဖြည့်စွက်ဆိုသည်။ 

ထိုသို့ ပဋိပက္ခဖြစ်ဖွယ် သတင်းများ ဆက်လက်ထွက်ပေါ်နေစဉ်မှာပင် ယင်းသင်္ဘော နစ်မြုပ်ခြင်းနှင့် သင်္ဘောသားများအတွက် ‘ဝမ်းနည်းပူဆွေးမှု အခမ်းအနား’ ကို ဆီဗာစတိုပိုဆိပ်ကမ်းတွင် ကျန်ရစ်သူ ဆွေမျိုးသားချင်းများက ကျင်းပပြုလုပ်ခြင်းပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly