ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ကောင်းမွန်ရေးအတွက် သီရိလင်္ကာနှင့် ဆက်လက်ဆောင်ရွက်ရန် အိန္ဒိယအသင့်ဖြစ်နေ

ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ကောင်းမွန်ရေးအတွက် သီရိလင်္ကာနှင့် ဆက်လက်ဆောင်ရွက်ရန် အိန္ဒိယအသင့်ဖြစ်နေ

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း ပထမဦးစားပေး မူဝါဒအရ ကိုဗစ်ကပ်ရောဂါအလွန် စီးပွားရေး အလျင်အမြန် ပြန်လည် ကောင်းမွန်ရေးအတွက် သီရိလင်္ကာနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာရင်ဒမ်ဘက်ချီက ဧပြီ ၇ ရက်တွင် ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲအတွင်း သီရိလင်္ကာတွင် ဖြစ်ပွားနေသည့် လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် သီရိလင်္ကာသည် အိန္ဒိယ၏ အိမ်နီးချင်းနှင့် နီးကပ်သော မိတ်ဆွေနိုင်ငံ ဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံသည် ဖြစ်ပွားနေသည့် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း ဘက်ချီက ပြောကြားသည်။

“သီရိလင်္ကာမှာ စီးပွားရေးနဲ့ အခြားတိုးတက်မှုတွေ ရှိနေပါတယ်။ စီးပွားရေးအခြေအနေ ဆိုးရွားမှု သက်သာအောင် အကူအညီအဖြစ် လာမယ့် ၂ လ၊ ၃ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ အကူအညီတွေကို ပေးရာမှာ လောင်စာနဲ့ အစားအစာအတွက်လည်း ပါဝင်မှာပါ” ဟု ဘက်ချီက ပြောကြားသည်။

မတ်လလယ်မှစပြီး အိန္ဒိယက သီရိလင်္ကာသို့ ဒီဇယ်နှင့် ရေနံ မက်ထရစ်တန်ချိန် ၂၇၀၀၀၀ ပေးပို့ပြီး ဖြစ်ကာ မကြာသေးမီက စတင်လိုက်သည့် ဒေါ်လာ ၁ ဘီလီယံ ပံ့ပိုးမှုအစီအစဉ်အရ ဆန်တန်ချိန် ၄၀၀၀၀ ကိုလည်း ထောက်ပံ့ပေးပြီး ဖြစ်သည်။

သီရိလင်္ကာသည် ဆိုးရွားသည့် စီးပွားရေးအကျပ်အတည်းကြောင့် အစားအစာနှင့် လောင်စာဆီ မလုံလောက်မှု များသည် ပြည်သူများအပေါ် ထိခိုက်မှု ဖြစ်စေခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်မှစ၍ နိုင်ငံ၏ စီးပွားရေးသည်လည်း ဆက်တိုက် ထိုးကျခဲ့သည်။

သီရိလင်္ကာအနေဖြင့် ရေနံထုတ်ကုန်ပစ္စည်းများကို ဝယ်ယူရန် ဒေါ်လာသန်း ၅၀၀ ကို ဖေဖော်ဝါရီလအတွင်း အိန္ဒိယအစိုးရက ပေးအပ်ခဲ့သည်။ သီရိလင်္ကာအစိုးရက ဓာတုဓာတ်မြေဩဇာများ တင်သွင်းမှုကို ရပ်တန့်လိုက်ခြင်းကြောင့် အိန္ဒိယက သီရိလင်္ကာသို့ နာနိုနိုက်ထရိုဂျင် ဓာတ်မြေဩဇာအရည် တန်ချိန် ၁၀၀ ကို ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly