ပါကစ္စတန် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးမည်ဟု ADB ခန့်မှန်း

ပါကစ္စတန် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးမည်ဟု ADB ခန့်မှန်း

ပါကစ္စတန်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် နှေးကွေးနေပြီး ၂၀၂၁ ဘဏ္ဍာနှစ်က ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် တိုးတက်မှုနှုန်းက ၄ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ဧပြီ ၆ ရက်က ခန့်မှန်းလိုက်သည်။

ပိုမို တင်းကျပ်ထားသော ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး မူဝါဒများနှင့်အတူ ရုရှား-ယူကရိန်း စစ်ပွဲတို့ ရှိနေမှုကြောင့် ယင်းကဲ့သို့ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းခြင်း ဖြစ်သည်။

ပါကစ္စတန်၏ အခွန်ဘဏ္ဍာငွေ ကောက်ခံမှုက အခြားအဆင့်တူနိုင်ငံများနှင့် ယှဉ်ပါက ပိုမို လျော့နည်းနေဆဲ ဖြစ်ပြီး ယင်း၏ အခွန်နှင့် ဂျီဒီပီ အချိုး ၂၂-၂၅ ရာခိုင်နှုန်း ရရှိနိုင်ရန် အားကောင်းသည့် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတစ်ရပ် လိုအပ်ကြောင်း မနီလာအခြေစိုက် အေဂျင်စီက ယင်း၏ နှစ်စဉ် ထုတ်ပြန်နေကျ အာရှ

ဖွံ့ဖြိုးတိုးတက်မှု အလားအလာ (ADO) ၂၀၂၂ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် တောင်အာရှဒေသ၌ တိုးတက်မှုနှုန်းသည် (၂၀၂၁ ခုနှစ်က ၈ ဒသမ ၃ ရာခိုင်နှုန်းကနေ) ၂၀၂၂ ခုနှစ်တွင် ၇ ရာခိုင်နှုန်းကို နှေးကွေးဖွယ် ရှိပြီး ၂၀၂၃ ခုနှစ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်းကို ပြန်လည် အရှိန်မြင့်တက်လိမ့်မည်ဟု ADB က ခန့်မှန်းသည်။

“ပါကစ္စတန်ရဲ့ တိုးတက်မှုနှုန်းကတော့ ငွေရေးကြေးရေးဆိုင်ရာ တင်းကျပ်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ စုစည်းမှုကြောင့် ပြည်တွင်း ဝယ်လိုအားပိုင်း အားနည်းတဲ့အတွက် ၂၀၂၂ ခုနှစ်မှာ ၄ ရာခိုင်နှုန်းကို လျော့မယ်လို့ ခန့်မှန်းပါတယ်။ ၂၀၂၃ ခုနှစ်ကျရင်တော့ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပြန်တက်ပါလိမ့်မယ်” ဟု ADB က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required