ပါကစ္စတန်ဗဟိုဘဏ်၏ အတိုးနှုန်း မြင့်မားစွာ မြှင့်တင်မှုကြောင့် နိုင်ငံစီးပွားရေးကို ထိခိုက်စေလိမ့်မည်ဆိုသည့် ဝေဖန်မှုများ ထွက်ပေါ်

ပါကစ္စတန်ဗဟိုဘဏ်၏ အတိုးနှုန်း မြင့်မားစွာ မြှင့်တင်မှုကြောင့် နိုင်ငံစီးပွားရေးကို ထိခိုက်စေလိမ့်မည်ဆိုသည့် ဝေဖန်မှုများ ထွက်ပေါ်

ပါကစ္စတန်နိုင်ငံ၏ ဗဟိုဘဏ်က အတိုးနှုန်းကို အခြေခံအမှတ် ၂၅၀ ဖြင့် အံ့အားသင့်ဖွယ်ရာ တိုးမြှင့်လိုက်ခြင်းကြောင့် နိုင်ငံတွင် စီးပွားရေးနှင့် ကုန်သွယ်မှု လုပ်ငန်းများ ရပ်တန့်သွားစေလိမ့်မည်ဟု ပါကစ္စတန် ကုန်သည်စက်မှုအဖွဲ့ချုပ် (FPCCI) ၏ ဥက္ကဋ္ဌ အာဖန် အစ်ခ်ဘဲလ် ရှိတ်ခ်က ပြောဆိုလိုက်သည်။

စီးပွားရေး အသင်းအဖွဲ့များသည် ရုတ်တရက် တုန်လှုပ်မှုများ ရှိနေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက်၏ ဆိုးကျိုးကို မည်ကဲ့သို့ နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းရမည်ကို မှန်းဆသုံးသပ်နေကြကြောင်း The Express Tribune က ဖော်ပြသည်။

ပါကစ္စတန် ဗဟိုဘဏ်သည် အတိုးနှုန်းကို အခြေခံ ၂၅၀ ဖြင့် ၁၂ ဒသမ ၂၅ ရာခိုင်နှုန်းကို မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ဧပြီ ၇ ရက်တွင် ဖော်ပြသည်။

အတိုးနှုန်း မြှင့်တင်မှုနှင့် ပတ်သက်ပြီး ကြီးလေးသော စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ရင်း FPCCI ဥက္ကဋ္ဌ ရှိတ်ခ်က ပြောကြားရာတွင် အစိုးရ၏ မည်သည့် ထောက်ကူပံ့ပိုးမှုမှ ရှိမနေသည့်အချိန်တွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှုများတွင် ယင်း၏ ဂယက်ရိုက်ခတ်မှုများကို တွေ့ကြုံရလိမ့်မည်ဟု ပြောသွားခဲ့သည်။

ဗဟိုဘဏ်၏ ယခုလုပ်ဆောင်ချက်သည် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများကို ထိခိုက်စေလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

ဒေသတွင်း နိုင်ငံများရှိ အတိုးနှုန်းများသည် ပါကစ္စတန်ရှိ အတိုးနှုန်းထက် ပိုမို နိမ့်ကျသည်ဖြစ်ရာ နိုင်ငံအနေဖြင့် ကြီးမားသော အားနည်းချက်တစ်ခုကို ရင်ဆိုင်နေရပြီးဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly