ဖိလစ်ပိုင်၌ ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၁၅၀ နီးပါး မြင့်တက်

ဖိလစ်ပိုင်၌ ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၁၅၀ နီးပါး မြင့်တက်
Photo - AFP

ဧပြီ ၁၅

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း မက်ဂီ ဝင်ရောက်ပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည် ဧပြီ ၁၄ ရက်တွင် ၁၄၈ ဦးအထိ မြင့်တက်ခဲ့ကြောင်း တရားဝင် အချက်အလက်ကိန်းဂဏန်းများက ပြသနေသည်။

ရွှံ့နွံများ ဖုံးလွှမ်းနေသည့် ကျေးရွာများတွင် နောက်ထပ် အလောင်းများကို တွေ့ရှိထားခဲ့သည်။

ယခုနှစ်အတွင်း အားအကောင်းဆုံး မုန်တိုင်းတစ်ခု ယင်းနိုင်ငံကို ဝင်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် လူသောင်းချီ ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ခဲ့ကြရသည်။

ရေကြီးမြေပြိုမှုများ ဖြစ်ပြီးနောက် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့လည်း သေဆုံးဖွယ် ရှိနေသည် ဆိုပြီး စိုးရိမ်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

မက်ဂီ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသည့် အလယ်ပိုင်း လေတီ ပြည်နယ်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးစေသည့် မြေပြိုမှုများကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ အစုအဖွဲ့များကို ထိခိုက်စေခဲ့ပြီး လူနေအိမ်များ ပါသွားခြင်းနှင့် မြေပြင်အနေအထားများ ပြောင်းလဲသွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

သဘာဝဘေးဒုက္ခဆိုးဒဏ် ခံရလေ့ရှိသည့် ထိုဒေသသည် ပုံမှန်လိုလို မုန်တိုင်းဒဏ် ခံရပြီး ၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်း ဟိုင်ယန် တိုက်ခတ်မှုဒဏ်ကိုလည်း ခံထားခဲ့ရသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာနေစဉ် မုန်တိုင်းများသည် ပိုမို အားကောင်းလာနေသည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly